ဘဏ္ဍာရေးပြဿနာတွေကို စိုးရိမ်နေကြတာပါ။

လက်ကျန်ဘောလုံးရာသီကို ပြန်လည်စတင်ဖို့အတွက် စီစဉ်မှုတွေအပေါ်မှာ စိုးရိမ်စရာတွေရှိနေပေမယ့် ပရီးမီးယားလိဂ်ကလပ်အသင်းများကတော့ ရာသီဖျက်သိမ်းဖို့အတွက် ဆန္ဒမရှိဘူးလို့ Sky Sports က ဖော်ပြသွားခဲ့ပါတယ်။

မနက်ဖြန်မှာ ပြုလုပ်မယ့် အစည်းအဝေးမှာတော့ ဇွန်လ ၈ ရက်နေ့မှာ လက်ကျန်ရာသီပြန်လည်စတင်ဖို့အတွက် အဆိုပြုရတော့မယ့်အချိန်မှာ ဒီသတင်းကထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ကလပ်အသင်းတစ်သင်းရဲ့ ပိုင်ရှင်ဖြစ်သူကတော့ လက်ကျန်ဘောလုံးရာသီကို ဖျက်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုခဲ့ပြီးတော့ လက်ကျန်ပွဲပေါင်း ၉၂ ပွဲကိုမကစားခဲ့ဘူးဆိုရင် ကလပ်အသင်းတွေအနေနဲ့ ဘဏ္ဍာရေးပြသနာနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အကြောင်းပြခဲ့ကြောင်းလည်း သိရပါတယ်။ 



"ကျွန်တော်တို့တွေ ဆက်ပြီးတော့ ကစားချင်ပါတယ်၊ တကယ်လို့ ကျွန်တော်တို့ ကာကွယ်ဆေးရဖို့အတွက် စောင့်ဆိုင်းနေမယ်ဆိုရင် ၁၈ လလောက်ကြာမြင့်မှာဖြစ်ပြီးတော့ ၉၀% ရှိတဲ့ ကလပ်အသင်းတွေက ပျက်စီးသွားပါလိမ့်မယ်၊ အသင်းဝန်ထမ်း ၉၅%လောက်ကို ထုတ်ပယ်ခဲ့မယ်ဆိုရင်တောင်မှ ကျွန်တော်တို့ အခက်တွေ့နေဦးမှာပါ၊ ဘာလို့လဲဆိုတော့ ကစားသမားတွေကို လစာပေးနေရဦးမှာမို့ပါပဲ" လို့ အဆိုပါကလပ်အသင်းပိုင်ရှင်က Sky Sports ကို ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်မှာတော့ Lockdown ချမှတ်ထားမှုကို ထပ်မံတိုးမြှင့်ဖို့အတွက် စဉ်းစားနေပြီးတော့ ကစားသမားတွေအနေနဲ့ ဇွန်လ ၈ ရက်နေ့မှာ ပြန်လည်စတင်မယ့်အချိန်မတိုင်မီမှာ အုပ်စုငယ်လေးတွေဖွဲ့ပြီးတော့သာ လေ့ကျင့်ရဖွယ်လည်းရှိနေပါတယ်။ ကစားသမားတချို့ကတော့ အသင်းနဲ့အတူ ပြန်လည်လေ့ကျင့်ရမယ့်အပေါ်မှာ စိုးရိမ်နေတယ်လို့သိရပြီး အဆိုပါကစားသမားတွေကိုတော့ အိမ်မှာသာဆက်လက်နေထိုင်ဖို့ ခွင့်ပြုဖွယ်လည်းရှိနေပါတယ်။

"ကစားဖို့အတွက် ဘယ်သူကမှ အားမထုတ်ချင်ကြပါဘူး" လို့ အသင်းပိုင်ရှင်က ထပ်မံပြောဆိုခဲ့ပါတယ်။ လက်ကျန်ဘောလုံးရာသီကို ပြန်လည်ကစားရာမှာတော့ ကစားသမားတွေကို ဟိုတယ်မှာသာ နေထိုင်ဖို့အတွက် ကန့်သတ်ထားမှာဖြစ်ပြီးတော့ ဆေးစစ်ဆေးမှုတွေကိုလည်း မကြာခဏပြုလုပ်သွားမှာဖြစ်ကာ ဒီလိုပြုလုပ်ခြင်းက ကစားသမားတွေရဲ့မိသားစုကိုပါ ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်နိုင်မယ့် အလားအလာကို လျှော့ချဖို့ ရည်ရွယ်ထားကြောင်းလည်းသိရပါတယ်။ 

Share

Loading Next Article...
က္က