နောက်ဆုံးခြောက်ပွဲဆက် သွင်းဂိုးတွေပေးခဲ့ရပြီးနောက် ပထမဆုံး ပေးဂိုးမရှိခဲ့တဲ့ ပွဲလည်းဖြစ်ခဲ့ရပါတယ်။
Ye Yint Htay

အာဆင်နယ်အသင်းနဲ့ ဘလက်ပူးလ်တို့ရဲ့အက်ဖ်အေဖလား တတိယအဆင့်မှာတော့ အာဆင်နယ်က လူငယ်တိုက်စစ်မှူးတွေရဲ့အစွမ်းနဲ့ ၃-ဝဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘလက်ပူးလ်နဲ့အက်ဖ်အေဖလားကစားပြီးရင် ဝက်စ်ဟမ်း၊ ချယ်လ်ဆီးတို့နဲ့ လန်ဒန်ဒါဘီပွဲစဉ်တွေ ဆက်တိုက်ကစားရဖို့ရှိတာကြောင့် အဓိက,ကစားသမားအများစုကို အနားပေးခဲ့ပါတယ်။ လက်ချင်စတိန်နာ၊ ကိုလာစီနစ်၊ ရမ်ဆေးတို့ကို ပွဲထိန်းဖို့အတွက် ကစားစေခဲ့ပြီး တိုက်စစ်မှာတော့ အသက် ၁၉နှစ်အရွယ်စီသာရှိသေးတဲ့ ဝဲလ်လော့နဲ့ နီခယ်တီတို့အတွဲကို ပွဲထုတ်ခဲ့ပါတယ်။



လိဂ်-ဝမ်းကလပ် ဘလက်ပူးလ်အသင်းကတော့ အိမ်ကွင်းဖြစ်ပေမယ့် ပွဲအစပိုင်းကစားပုံက အားရစရာမရှိခဲ့ပါဘူး။ ဒါပေမယ့် တန်ပြန်တိုက်စစ်ကိုတော့ ထိထိရောက်ရောက်ကစားနိုင်ခဲ့ပြီး အာဆင်နယ်ခံစစ်ကို အလုပ်ပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့လူငယ်တိုက်စစ်အတွဲဖြစ်တဲ့ ဝဲလ်လော့နဲ့ နီခယ်တီတို့ ခြေစွမ်းပြခဲ့ပြီး လျှင်မြန်မှုနဲ့ ဘလက်ပူးလ် ခံစစ်ကိုထိုးဖောက်ခဲ့ကြပါတယ်။

ပထမပိုင်းမှာတော့ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးတွေကို ဝဲလ်လော့တစ်ဦးတည်းက သွင်းယူပေးနိုင်ခဲ့ပါတယ်။ ၁၁မိနစ်မှာ ရမ်ဆေးရဲ့အလွတ်တည်ကန်ဘောကန်ချက် ဘားတန်းထိပြန်ထွက်လာတာကို ဝဲလ်လော့က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ၃၇မိနစ်မှာတော့ အီဝိုဘီရဲ့ဖြတ်တင်ဘောကနေတဆင့် အနီးကပ်ပိတ်သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဘလက်ပူးလ်အသင်းကစားပုံပြန်တည်ငြိမ်လာပေမယ့်လည်း အာဆင်နယ်ခံစစ်နဲ့ ဂိုးသမား ပီတာချက်တို့ ကာကွယ်ထားနိုင်ခဲ့လို့ ချေပဂိုးနဲ့ဝေးနေခဲ့ရပါတယ်။ ၇၉မိနစ်မှာ ဟက်ထရစ်ရစေမယ့် သွင်းဂိုးတစ်ဂိုးကို တိုက်စစ်မှူး ဝဲလ်လော့ သွင်းယူနိုင်ခဲ့သေးပေမယ့် လူကျွံနေခဲ့ပါတယ်။ ၈၂မိနစ်မှာတော့ အီဝိုဘီက ရမ်ဆေးရဲ့ပေးပို့မှုက တဆင့် တတိယဂိုးသွင်းယူခဲ့ပါတယ်။


အာဆင်နယ်ရဲ့ဒီနိုင်ပွဲဟာ နောက်ဆုံးခြောက်ပွဲဆက် သွင်းဂိုးတွေပေးခဲ့ရပြီးနောက် ပထမဆုံး ပေးဂိုးမရှိခဲ့တဲ့ ပွဲလည်းဖြစ်ခဲ့ရပါတယ်။ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီအတွက်ကတော့ လူငယ်တွေကို စမ်းသပ်သုံးစွဲခွင့်ရခဲ့သလို နိုင်ပွဲလည်းရခဲ့လို့ အမြတ်ထွက်ခဲ့ရပါတယ်။ အာဆင်နယ်ဟာ စနေည အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွေအပြီးမှာတော့ စပါး၊ မန်ယူ၊ ချယ်လ်ဆီး အစရှိတဲ့ ထိပ်တန်းအသင်းတွေနဲ့ အတူ နောက်တစ်ဆင့်တက်ရောက်နိုင်တဲ့ အသင်းဖြစ်ခဲ့ရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ


Author


က္က