လီဗာပူးလ်ဟာဒီပွဲကိုရှုံးခဲ့မယ်ဆိုရင် မန်စီးတီးနဲ့ နှစ်မှတ်ကွာဟသွားမှာပါ။
Ye Yint Htay

ဒီနေ့ည ၁၀း၄၅နာရီမှာကစားမယ့် အဲဗာတန်နဲ့လီဗာပူးလ်တို့ရဲ့မာဆေးဆိုက်ဒါဘီမှာ ဒါဘီပွဲစဉ်တစ်ပွဲထက်ပိုတဲ့ အားထုတ်မှုမျိုးနဲ့ရင်ဆိုင်ကစားမယ်လို့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က အဲဗာတန်ကို စိန်ခေါ်စကားပြောခဲ့ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်က လီဗာပူးလ်မြို့အခြေစိုက်အသင်းနှစ်သင်းဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့မာဆေးဆိုက်ဒါဘီပွဲစဉ်ဟာ အစဉ်အလာအရပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲဖြစ်ပါတယ်။ ဒီနေ့ညမှာ ကစားမယ့် မာဆေးဆိုက်ဒါဘီကတော့ လီဗာပူးလ်အတွက်ပိုအရေးကြီးနေပြီး ခြေချော်သွားမယ်ဆိုရင် ချန်ပီယံပြေးလမ်းမှာ မန်စီးတီးအသင်းနောက် နှစ်မှတ်ကွာဟသွားမှာဖြစ်ပါတယ်။ လီဗာပူးလ်အနေနဲ့ အဲဗာတန်အသင်းနဲ့ အန်ဖီးလ်မှာတွေ့ဆုံခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက လီဗာပူးလ်က အဲဗာတန်ကို ၁-ဝဂိုးနဲ့အနိုင်ရထားပါတယ်။



လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ကတော့ မာဆေးဆိုက်ဒါဘီပွဲမတိုင်ခင်မှာ ဒီပွဲစဉ်ကို ဒါဘီထက်ပိုတဲ့ စိတ်ဓာတ်မျိုးနဲ့ရင်ဆိုင်မယ်လို့ စိန်ခေါ်ခဲ့ပါတယ်။ “ဒီပွဲကနေဘာလိုချင်လဲဆိုတာကို ကျွန်တော်တို့သိပါတယ်။ ဒါက ဒါဘီပါ။ ဒီလိုအခြေအနေနဲ့ ဝန်းကျင်မျိုးမှာဘောလုံးကစားရတာကို ကျွန်တော်အမြဲကြိုက်တယ်။ အသင်းအနေနဲ့ကတော့ အကောင်းဆုံးကစားမှာပါ။”လို့ ဗန်ဒိုက်က The Sun ကိုပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာ ခံစစ်အကောင်းဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေပြီး ပွဲစဉ်(၂၈)အပြီးမှာ ပေးဂိုး ၁၅ဂိုးပဲရှိပါတယ်။ လီဗာပူးလ်အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်းနဲ့ပြောင်းလာတဲ့ ဗန်ဒိုက်က မာဆေးဆိုက်ဒါဘီမှာ Clean Sheet စံချိန်ကိုဆက်ထိန်းထားမယ်လို့လည်း ဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အဲဗာတန်နဲ့ အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပါ့ခ်မှာ နောက်ဆုံးတွေ့ခဲ့တဲ့ သုံးပွဲမှာ နှစ်ပွဲသရေ၊ တစ်ပွဲနိုင်ရလဒ်ရရှိထားပါတယ်။  

 

 


ဆက်စပ်အကြောင်းအရာများ


Author


က္က