၇ ကြိမ် သွားရောက်ကစားခဲ့ရာမှာ တစ်ပွဲမှ အနိုင်မရခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်နည်းပြအဖြစ်နဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာ ၇ ကြိမ်ရင်ဆိုင်ထားခဲ့ဖူးပြီးတော့ တစ်ပွဲမှအနိုင်မရခဲ့ဘဲ ၄ပွဲအထိရှုံးနိမ့်ခဲ့ကာ ၃ပွဲသရေကျခဲ့ပါတယ်။


နည်းပြမော်ရင်ဟိုရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဒီနေ့ညမှာ နယူးကာဆယ်ယူနိုက်တက်နဲ့ အဝေးကွင်းပွဲစဉ်ကို ကစားရတော့မှာဖြစ်ပါတယ်။ ဒီပွဲဟာ စပါးအတွက် လာမယ့်ရာသီဥရောပဝင်ခွင့်ရရှိဖို့အတွက် အရေးပါနေပေမယ့်လည်း မော်ရင်ဟိုရဲ့ မှတ်တမ်းဆိုးတွေကြောင့် သူတို့အတွက် ရလဒ်ကောင်းရနိုင်ပါ့မလားဆိုတာက သံသယဖြစ်စရာအဖြစ်ရှိနေပါတယ်။ 

မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်နည်းပြအဖြစ်နဲ့ နယူးကာဆယ်ကို အဝေးကွင်းမှာ ၇ ကြိမ်ရင်ဆိုင်ထားခဲ့ဖူးပြီးတော့ တစ်ပွဲမှအနိုင်မရခဲ့ဘဲ ၄ပွဲအထိရှုံးနိမ့်ခဲ့ကာ ၃ပွဲသရေကျခဲ့ပါတယ်။ ဒါဟာ အမြင့်ဆုံးရနိုင်ချေရမှတ် ၂၁ မှတ်မှာ ၃မှတ်သာ ရယူထားနိုင်ခဲ့တာဖြစ်ပြီး စိန့်ဂျိမ်းပါ့ခ်ကွင်းဟာ သူ့အတွက်တော့ ရလဒ်ဆိုးတွေကိုပဲ ပေးနေခဲ့တာဖြစ်ပါတယ်။ 

ချယ်လ်ဆီးနည်းပြဘဝမှာ ၆ကြိမ်၊ ယူနိုက်တက်နည်းပြဘဝမှာ ၁ကြိမ်ရင်ဆိုင်ထားခဲ့ပြီးတော့ အခုလိုမှတ်တမ်းဆိုးတွေရခဲ့တာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ၁-၁၊ ၂၀၀၆ ခုနှစ်မှာ ၁-၀၊ ၂၀၀၇ ခုနှစ်မှာ ၀-၀၊ ၂၀၁၃ မှာ ၂-၀၊ ၂၀၁၄ မှာ ၂-၁၊ ၂၀၁၅ မှာ ၂-၂ တို့နဲ့ ချယ်လ်ဆီးအသင်းနည်းပြအဖြစ် ရလဒ်တွေပိုင်ဆိုင်ခဲ့ပြီး ၂၀၁၈ မှာ ယူနိုက်တက်နည်းပြအဖြစ်နဲ့ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ 

စပါးနည်းပြအဖြစ်နဲ့ စိန့်ဂျိမ်းပါ့ခ်ကို မော်ရင်ဟိုက ဒီနေ့ညမှာ ပထမဆုံးအကြိမ်သွားရောက်ရတော့မှာဖြစ်ပြီး လက်ရှိသူ့အသင်းရဲ့ခြေစွမ်းပိုင်းမတည်ငြိမ်မှုကြောင့်လည်း မှတ်တမ်းဆိုးကို ချေဖျက်နိုင်ဖို့က မလွယ်ကူတဲ့အနေအထားမှာရှိနေပါတယ်။ ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင်တော့ မော်ရင်ဟိုအတွက် စိန့်ဂျိမ်းပါ့ခ်မှာ ပထမဆုံးအကြိမ်နိုင်ပွဲကိုရရှိမှာလည်းဖြစ်လို့ ဘယ်လိုရလဒ်ထွက်ပေါ်မလဲဆိုတာကို စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ 


Author


က္က