အိမ်ရှင်မန်စီးတီးကို အကောင်းဆုံးပုံစံနဲ့ အနိုင်ယူနိုင်ခဲ့တာပါ။
Kg Htet

စနေနေ့ည ၁၂ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်း စတင်ချိန်ကတည်းက အိမ်ရှင် မန်ချက်စတာစီးတီးအသင်းကို ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့လို့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၂၁ မိနစ်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ပင်နယ်တီဧရိယာထဲမှာ ဘာနာဒိုဆေးလ်ဗား ဖျက်ထုတ်ရာမှာ ကြမ်းတမ်းခဲ့ပြီး ကွင်းလယ်ဒိုင်က VAR ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် ဘာနာဒိုဆေးလ်ဗား ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ယူနိုက်တက်ကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။

ပင်နယ်တီပြစ်ဒဏ်ဘောကို မားကပ်စ်ရက်ရှ်ဖို့ဒ်က အမှားအယွင်းမရှိကန်သွင်းယူခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက အဖွင့်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။ ၂၉ မိနစ်မှာ အန်သိုနီမာရှယ်က ဒန်နီရယ်ဂျိမ်းစ်နဲ့ အပေးအယူလုပ်ပြီး လျှပ်တပြက်ကန်သွင်းခဲ့တဲ့ဘောလုံးကို မန်စီးတီးဂိုးသမား မကာကွယ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ဒုတိယဦးဆောင်ဂိုး ထပ်မံရရှိသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အိမ်ရှင် မန်ချက်စတာစီးတီးအသင်းက တိုက်စစ်ကို အရှိန်မြှင့်လာခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒီဂီယာနဲ့ နောက်ခံကစားသမားတွေက တည်တည်ငြိမ်ငြိမ်ပဲ ကာကွယ်နိုင်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပွဲပြီးဆုံးချိန်အထိ တရကြမ်းတိုက်စစ်ဆင်ပြီး ချေပဂိုးတွေ သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး ၈၅ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် လူစားဝင်ကစားခဲ့တဲ့ အိုတာမန်ဒီက ပြေးဝင်ခေါင်းတိုက်ပြီး ချေပဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကတော့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၁၄ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။


Author


က္က