ဖာနန်ဒက်စ်က ယူနိုက်တက်မှာ ခြေစွမ်းပြသနေပြီဖြစ်ပါတယ်။
Pyae Phyo Thein

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၇ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၃ဂိုးနဲ့ ဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပြီး သူ့ရဲ့ခြေစွမ်းပြသမှုတွေအတွက် ချီးကျူးခံနေရသူဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားဟောင်းနာနီက မန်စီးတီးကိုမရွေးချယ်ဖို့အတွက် ဘရူနိုဖာနန်ဒက်စ်ကို အကြံပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဖာနန်ဒက်စ်က ယူနိုက်တက်ကို ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြကစားနေခဲ့ပြီဖြစ်ပါတယ်။ 

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၇ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၃ဂိုးနဲ့ ဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပြီး သူ့ရဲ့ခြေစွမ်းပြသမှုတွေအတွက် ချီးကျူးခံနေရသူဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဖာနန်ဒက်စ်က နာနီနဲ့အတူ စပို့တင်းမှာ အသင်းဖော်တွေအဖြစ်ကစားခဲ့ဖူးသူဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် နာနီက တွန်းအားပေးခဲ့တာလည်းဖြစ်ပါတယ်။ 

"သူနဲ့ တွဲကစားခဲ့တဲ့အချိန်မှာ သူ့မှာ အရည်အသွေးအများကြီးရှိတယ်ဆိုတာကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်၊ သူက ဖြစ်နိုင်ချေအများကြီးရှိတဲ့ကစားသမားလည်းဖြစ်ပါတယ်၊ တစ်ရက်မှာ သူနဲ့စကားပြောဆိုခဲ့ပြီး ပိုအားစိုက်ကြိုးစားဖို့ ကျွန်တော်တွန်းအားပေးခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်မှာ သူ ကစားနိုင်ဖို့အတွက်က ကြိုးစားအားထုတ်မှရမှာမို့ပါ"

"အင်္ဂလန်ကိုပြောင်းတာက သူ့အတွက်အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်အကြံပေးခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ကစားပုံနဲ့ အဝေးကနေကန်သွင်းယူမှုတွေက ပရိသတ်တွေကို ရူးသွပ်စေမှာမို့ပါ၊ မန်စီးတီးကိုမရွေးချယ်ဖို့ သူ့ကို ကျွန်တော်ပြောခဲ့ပါတယ်၊ အခြားအသင်းတွေကိုလည်း မရွေးဖို့နဲ့ ယူနိုက်တက်ကို ရွေးချယ်ဖို့ ကျွန်တော်ပြောခဲ့ပါတယ်၊ သူ ယူနိုက်တက်ကိုပြောင်းရွှေ့တော့ ကျွန်တော်ပျော်ရွှင်မိပါတယ်"

"ကျွန်တော့်အကြံပေးမှုအတိုင်း သူရွေးချယ်ခဲ့လို့ဖြစ်ပြီး သူကအကောင်းဆုံးကစားပြနေပြီး ဂိုးတွေလည်းသွင်းနေပါပြီ" လို့ နာနီက Goal.com ကို ပြောဆိုခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကတော့ ယူနိုက်တက်မှာ အချိန်တိုအတွင်း ပရိသတ်အကြိုက်ကစားသမားဖြစ်လာခဲ့ပြီး လက်ရှိမှာ အဓိကကွင်းလယ်လူအဖြစ် ပါဝင်ခွင့်ရရှိနေပြီဖြစ်ပါတယ်။ 


က္က