အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာပိုလီအသင်းရဲ့ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို ချယ်ဆီးအသင်းက ခေါ်ယူနိုင်ခဲ့ပြီး ချယ်ဆီးနည်းပြသစ်ဖြစ်လာတဲ့ ဆာရီနဲ့ တပည့်ဟောင်းတို့ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ပြန်လည်ဆုံစည်းခဲ့ကြပြီဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုကို ချယ်ဆီးအသင်းနဲ့အပြိုင် မန်ချက်စတာစီးတီးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး ဆရာဟောင်းရှိရာ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
Photos: Skysport
ချယ်ဆီးအသင်းဟာ ဂျော်ဂျင်ဟိုအတွက် ပြောင်းရွှေ့ကြေးကို ကနဦး ပေါင်သန်း ၅၀ ပေးချေရမယ်လို့ သိရပြီး ခြေစွမ်းအရ နောက်ထပ်အပို ပေးချေရမယ်လို့ သိရပါတယ်။ ချယ်ဆီးအသင်းမှာ ကျောနံပါတ် ၅ ဝတ်ဆင်ကစားမယ့် ဂျော်ဂျင်ဟိုဟာ ဗယ်ရိုနာလူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ကစားသမားဖြစ်ပြီး နာပိုလီအသင်းကို ၂၀၁၄ မှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။
ဂျော်ဂျင်ဟိုဟာ အီတလီလက်ရွေးစင်အသင်းအတွက် ၈ ပွဲ ပါဝင်ကစားပေးထားပြီး နာပိုလီအသင်းအတွက် ၁၃၃ ပွဲ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။
Photos:Metro
"ကျွန်တော် ချယ်ဆီးအသင်းမှာ ရှိနေရတာ အရမ်းကို စိတ်လှုပ်ရှားနေမိပါတယ်"
"ဒီလို အသင်းကြီးတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော် အရမ်း အရမ်းကို ပျော်ရွှင်မိပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်မှာ ကစားရမှာ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ အသင်းအတွက် အရာအားလုံး ပေးပြီး အနိုင်ရရှိအောင် ကစားသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။
Photos: Skysports
ချယ်ဆီးအသင်းရဲ့ဒါရိုက်တာ မာရီနာဂရာနော့စကိုင်ရာက ချယ်ဆီးအသင်းကို ရွေးချယ်ခဲ့တဲ့ ဂျော်ဂျင်ဟိုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
"ဂျော်ဂျင်ဟို ချယ်ဆီးအသင်းကို ရွေးချယ်ခဲ့တဲ့အတွက် ကျွန်မတို့ အများကြီး ကျေနပ်မိပါတယ်"
"သူက ဥရောပရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ချယ်ဆီးအသင်းလူစာရင်းရဲ့အရေးပါတဲ့ကစားသမားဖြစ်လာမှာပါ"
"သူ့ရဲ့အရည်အချင်းတွေကို ဆာရီရဲ့လက်အောက်မှာကတည်းက သူ ပြသခဲ့ပြီးပါပြီ။ ကျွန်မတို့ သူ့ကိုခေါ်ယူခဲ့တာက စတန်းဖို့ဒ်ဘရစ်ဂျ်ကို နောက်ထပ်အောင်မြင်မှုတွေကို သယ်ဆောင်ဖို့ အကူအညီဖြစ်စေမှာပါ"လို့ ပြောကြားခဲ့ပါတယ်။
Photos:Skysports
ချယ်ဆီးအသင်းဟာ ဂျော်ဂျင်ဟိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းကို စနေနေ့မနက်မှာ အတည်ပြုပေးခဲ့ပြီး နောက်ထပ်နာရီအနည်းငယ်အကြာမှာ နည်းပြသစ်အဖြစ် မူရီဇီယိုဆာရီကို ၃ နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။