၁၁ ကြိမ်တွေ့ခဲ့ရာမှာ ၁၁ဂိုး တိုက်ရိုက်ပါဝင်ပတ်သက်ထားပါတယ်။

ရော်နယ်ဒိုဟာ နယူးကာဆယ်နဲ့ ပြိုင်ပွဲစုံစုစုပေါင်း ၁၁ ကြိမ်အထိ ရင်ဆိုင်ခဲ့ဖူးကာ အက်ဖ်အေဖလားပွဲတစ်ပွဲပါဝင်ခဲ့ပြီး ၁၀ ပွဲအထိ အနိုင်ရကာ တစ်ပွဲသရေကျခဲ့ပြီး ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ မန်ချက်စတာမြို့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီအတွက် ဝင်ရောက်ကစားပေးခဲ့ပြီး အိုင်ယာလန်ကို ၂ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာ အဝါကတ်ထိခဲ့တာကြောင့် လာမယ့် အဇာဘိုင်ဂျန်နဲ့ပွဲအတွက် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ 

ပေါ်တူဂီဟာ ကာတာနဲ့ ခြေစမ်းပွဲ၊ အဇာဘိုင်ဂျန်နဲ့ ခြေစစ်ပွဲကစားဖို့ရှိနေပေမယ့် အသင်းအတွက် အရေးပါလှတဲ့ပွဲစဉ်တွေမဟုတ်တာကြောင့် ရော်နယ်ဒိုကို ကလပ်အသင်းနဲ့ စောစောစီးစီးပူးပေါင်းနိုင်စေဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ဒီအတွက် ရော်နယ်ဒိုဟာ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကစားရမယ့် နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ဝင်ရောက်ကစားပေးဖို့ သေချာသလောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ၆ ရာသီကစားပေးခဲ့စဉ်က ရော်နယ်ဒိုဟာ နယူးကာဆယ်နဲ့ ပြိုင်ပွဲစုံစုစုပေါင်း ၁၁ ကြိမ်အထိ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ အဆိုပါ ၁၁ ပွဲမှာ အက်ဖ်အေဖလားပွဲတစ်ပွဲပါဝင်ခဲ့ပြီး ၁၀ ပွဲအထိ အနိုင်ရကာ တစ်ပွဲသရေကျခဲ့ပြီး ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းကို ရော်နယ်ဒိုက ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင် သွင်းဂိုးအားဖြင့်လညး် သူက ၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ ၅ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

ဒါဟာ တစ်ပွဲကို တစ်ဂိုးနှုန်း တိုက်ရိုက်ပါဝင်ပတ်သတ်နိုင်မှုလည်းဖြစ်ခဲ့ပါတယ်။ နယူးကာဆယ်က ရော်နယ်ဒိုအတွက်တော့ လွယ်ကူတဲ့ ပြိုင်ဘက်အသင်းတစ်သင်းဖြစ်ခဲ့တယ်ဆိုတဲ့ သဘောလည်းဖြစ်ကာ သူ့ရဲ့ ယူနိုက်တက်တကျော့ပြန်ကစားသမားဘဝ ပွဲဦးထွက်ကလည်း ငှက်ကျားတွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဒီမှတ်တမ်းတွေက အားတက်ဖွယ်ရာလည်း ဖြစ်နေခဲ့ပါတယ်။ 

အိုးထရက်ဖို့ဒ်မှာ ကစားရမှာ၊ အသင်းဟောင်းနဲ့ပြန်လည်ပူးပေါင်းမှုပထမဆုံးပွဲ၊ ဒီပွဲအတွက် လက်မှတ်အားလုံးကုန်စင်အောင်ရောင်းချထားနိုင်ခဲ့ပြီး ပရိသတ်အပြည့်ရှေ့ကစားရမယ်ဆိုတဲ့ အချက်တွေကလည်း ရော်နယ်ဒိုအတွက်တော့ စိတ်အားတက်ကြွစရာကောင်းနေပြီဖြစ်ပါတယ်။ ပွဲဦးထွက်မှာပဲ သူ ယူနိုက်တက်အတွက် ခြေစွမ်းပြနိုင်မလားဆိုတာကိုတော့ စက်တင်ဘာ ၁၁ ရက်နေ့မှာ မြင်တွေ့ရတော့မှာပါ။ 




က္က