ပြိုင်ပွဲစုံသွင်းဂိုး ၈ ဂိုးအထိ ရရှိထားတာပါ။
Pyae Phyo Thein

ပရီးမီးယားလိဂ်မှာ ကယ်လ်ဗတ်လီဝင်က ၅ ဂိုးအထိရရှိထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဗာဒီနဲ့ ပူးတွဲရပ်တည်နေတာလည်းဖြစ်ပါတယ်။


အဲဗာတန်အသင်းတိုက်စစ်မှူးကယ်လ်ဗတ်လီဝင်ဟာ ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာလည်း အသင်းအတွက် ခြေစွမ်းပြသွားခဲ့ပြန်ပါတယ်။ ဝက်စ်ဟမ်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ရာမှာ ကယ်လ်ဗတ်လီဝင်က ဟက်ထရစ်သွင်းယူပေးခဲ့ပြီး အန်ဆယ်လော့တီကို စိတ်ကျေနပ်စေခဲ့ကာ သူ့အတွက်လည်း လက်ရွေးစင်အသင်းမှာပါဝင်ဖို့ မျှော်လင့်လာနိုင်ပြီဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်ဘရွန်းစ်နဲ့ကစားခဲ့တဲ့ပွဲမှာလည်း ဟက်ထရစ်ရရှိထားခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဟက်ထရစ်က ဒီရာသီမှာ သူ့အတွက် ၂ ကြိမ်မြောက်ဖြစ်ပြီး ငါးပွဲသာကစားထားပြီးချိန်မှာ သွင်းဂိုး၈ ဂိုးအထိ ရယူထားနိုင်ခဲ့ပြီဖြစ်ပြီး အင်္ဂလန်ထိပ်တန်းလိဂ်မှာတော့ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ်မှာ ကယ်လ်ဗတ်လီဝင်က ၅ ဂိုးအထိရရှိထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဗာဒီနဲ့ ပူးတွဲရပ်တည်နေတာလည်းဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ခြေစွမ်းပြနေမှုက အင်္ဂလန်နည်းပြဆောက်ဂိတ်ကိုလည်း စိတ်ဝင်စားလာစေခဲ့ပြီး ဒီလအတွင်းကစားမယ့် အင်္ဂလန်ရဲ့ နိုင်ငံတကာပွဲတွေမှာ လီဝင်ကို ရွေးချယ်ဖွယ်ရှိနေတယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

နည်းပြအန်ဆယ်လော့တီကလည်း သူ့ကစားသမားရဲ့ ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်နေပြီဖြစ်ကြောင်း အရိပ်အမြွက်ပြောဆိုသွားခဲ့ပါတယ်။ "လီဝင်က အင်္ဂလန်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးလားဆိုတာကိုတော့ ကျွန်တော်မသိပါဘူး၊ ဒါပေမယ့် ဂရုမစိုက်ပါဘူး၊ သူက ကျွန်တော့်အတွက်၊ အသင်းအတွက်ပါပဲ" လို့ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။

ကယ်လ်ဗတ်လီဝင်ကလည်း "အင်္ဂလန်အတွက်ကစားပေးဖို့က ကျွန်တော့်အိပ်မက်လို့ အကြိမ်ပေါင်းများစွာပြောခဲ့ပြီးပါပြီ၊ ဒါပေမယ့် ဒီအခွင့်အရေးရဖို့ ကျွန်တော်မလုပ်နိုင်ခဲ့ပါဘူး၊ အခုချိန်မှာတော့ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံကို ပြသနေတာဖြစ်ပြီး နောက်တဆင့်တက်နိုင်ဖို့ အခွင့်အရေးကို ဖန်တီးနေတာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 


Author


က္က