ယူနိုက်တက်ရဲ့ နံပါတ်တစ်ဂိုးသမားနေရာကတော့ စိတ်ဝင်စားဖို့ပိုကောင်းလာခဲ့ပါပြီ။
Pyae Phyo Thein

ဟန်ဒါဆန်ဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်မရသေးပေမယ့် ကာရာဘောင်းဖလားပွဲစဉ်နှစ်ပွဲဖြစ်တဲ့ လူတန်၊ ဘရိုက်တန်တို့နဲ့ပွဲတွေကို ပါဝင်ကစားခွင့်ရရှိခဲ့ပြီး နှစ်ပွဲစလုံးကို ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။


"သူကအရမ်းထူးချွန်တဲ့ဂိုးသမားတစ်ယောက်ပါ၊ ဒီဂီယာအနေနဲ့ ယူနိုက်တက်မှာ သူ့ရဲ့နံပါတ်တစ်ဂိုးသမားနေရာဆက်ရဖို့တိုက်ပွဲကတော့ စတင်နေပါပြီ" လို့ ဘရိုက်တန်ကို ယူနိုက်တက်က အဝေးကွင်းမှာအနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပွဲအပြီးမှာ ယူနိုက်တက်တိုက်စစ်မှူးအန်ဒီကိုးလ်က ပြောဆိုသွားခဲ့ပြီး ဒင်းဟန်ဒါဆန်ကို ချီးကျူးခဲ့ပါတယ်။ 

ဟန်ဒါဆန်ဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်မရသေးပေမယ့် ကာရာဘောင်းဖလားပွဲစဉ်နှစ်ပွဲဖြစ်တဲ့ လူတန်၊ ဘရိုက်တန်တို့နဲ့ပွဲတွေကို ပါဝင်ကစားခွင့်ရရှိခဲ့ပြီး နှစ်ပွဲစလုံးကို ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လူတန်နဲ့ပွဲမှာလည်း ပြိုင်ဘက်အသင်းရဲ့ သေချာပေါက်ဂိုးရမယ့် ခေါင်းတိုက်ချက်ကို အံ့အားသင့်ဖွယ်ရာ ကာကွယ်နိုုင်ခဲ့သလို ဘရိုက်တန်နဲ့ပွဲမှာလည်း ထရိုဆော့ဒ်ရဲ့ အပိုင်ကန်သွင်းမှုကို ပုတ်ထုတ်ပြခဲ့ပါတယ်။ 

အသက် ၂၃နှစ်အရွယ် အင်္ဂလန်ဂိုးသမားရဲ့ စွမ်းဆောင်ရည်ကို အန်ဒီကိုးလ်က "နောက်ထပ်တစ်ကြိမ် အရမ်းကောင်းတဲ့စွမ်းရည်ပါပဲ၊ ကျွန်တော်တို့ ပြီးခဲ့တဲ့အချိန်တုန်းကလည်း ပြောခဲ့ပြီးပါပြီ၊ ယူနိုက်တက်ဂိုးပေါက်ဝမှာ တာဝန်ပေးခံရဖို့ဆိုတာက မလွယ်ကူပါဘူး၊ အထူးသဖြင့် ယူနိုက်တက်က ကောင်းကောင်းကစားနိုင်ချိန်မှာပေါ့၊ ဘာလို့လဲဆိုတော့ အဲဒီလိုအချိန်မှာ ရွေးချယ်ခံရမှာမဟုတ်လို့ပါ၊ ဒါပေမယ့် ရွေးချယ်ခံရချိန်မှာတော့ သူက အမှန်တကယ်ကောင်းမွန်တဲ့ ကာကွယ်မှုနှစ်ကြိမ်ကို ပြုလုပ်နိုင်ခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။ 

ဒီပြောဆိုမှုအပေါ်ကို ယူနိုက်တက်ကွင်းလယ်လူဟောင်းဖလက်ချာကလည်း ထောက်ခံခဲ့ပါတယ်။ "အရမ်းကောင်းတဲ့ ကာကွယ်မှုပါ၊ အဲဒီဂိုးဝင်သွားရင် ၁-၀ ဖြစ်သွားနိုင်ပါတယ်၊ ထရိုဆာ့ဒ်ကိုယ်တိုင်ကလည်း ဂိုးပြီလို့ထင်ခဲ့မှာပါပဲ၊ ယူနိုက်တက်က နည်းနည်းတော့ အခက်တွေ့ခဲ့ပါတယ်၊ လူတန်နဲ့ပွဲမှာလည်း ခေါင်းတိုက်သွင်းဂိုးကို သူ ကာကွယ်ပြနိုင်ခဲ့ပါတယ်" လို့ ဟန်ဒါဆန်ကို ချီးကျူးခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ဒီဂီယာကတော့ ပရီးမီးယားလိဂ်နှစ်ပွဲကစားပြီးချိန်မှာ ပေးဂိုး ၅ ဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်။ အဆိုပါငါးဂိုးထဲမှာ ဘရိုက်တန်အသင်းရဲ့ နှစ်ကြိမ်ဂိုးသွင်းမှုကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။ လက်ရှိလက်စွမ်းတွေအရတော့ ဟန်ဒါဆန်ဟာ ဒီဂီယာကို အကြီးအကျယ်ဖိအားပေးနေပြီဖြစ်ပြီး ယူနို်က်တက်ရဲ့နံပါတ်တစ်ဂိုးသမားနေရာက ပြောင်းလဲလာမှာလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာပါ။ 


Author


က္က