အန်ဆယ်လော့တီနဲ့ ဂျိမ်း်စတို့ကတော့ အကောင်းဆုံးပူးပေါင်းနိုင်နေပြီဖြစ်ပါတယ်။
Pyae Phyo Thein

အန်ဆယ်လော့တီရဲ့ အဲဗာတန်ကတော့ လေးပွဲဆက်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရောက်လာခဲ့ပါပြီ။ ဂိုးသွင်းနေကျ ကယ်လ်ဗတ်လီဝင်၊ ခြေစွမ်းပြနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ သွင်းဂိုးနှစ်ဂိုး၊ နောက်ခံလူမီနာရဲ့ ခေါင်းတိုက်ဂိုးတွေနဲ့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့ပါတယ်။ 

ကယ်လ်ဗတ်လီဝင်က သူ့ရဲ့ကျွမ်းကျင်ပိုင်နိုင်တဲ့ ခေါင်းတိုက်ပုံနဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး မူတေးက ချေပဂိုးသွင်းခဲ့လို့ အဲဗာတန်တို့အနည်းငယ်ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း နောက်ခံလူမီနာက ပထမပိုင်းမှာပဲ ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့လို့ အဲဗာတန်တို့ ပြန်ဦးဆောင်နိုင်ခဲ့ကာ စိတ်အေးလက်အေးနဲ့ ကစားနိုင်ခဲ့ပါတယ်။ 

ဒုတိယပိုင်းကတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ ပွဲဖြစ်ခဲ့ပြီး နေရာယူပုံကောင်းမွန်မှု၊ အသင်းဖော်တွေရဲ့ အချိတ်အဆက်တွဲလုံးတွေကောင်းမွန်မှုကနေ ဂျိမ်းစ်က နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နှစ်ဂိုးစလုံးက တစ်ပုံတည်းဖြစ်ပြီး သူ့ကို ဘရိုက်တန်ကစားသမားတွေ လူကပ်ကစားနိုင်ခြင်းမရှိအောင် ဂျိမ်းစ်က လှုပ်ရှားနိုင်ခဲ့သလို အီဝိုဘီနဲ့ ကယ်လ်ဗတ်လီဝင်တို့အတွဲကလည်း ပြိုင်ဘက်နောက်တန်းကို အာရုံများစေခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်အနေနဲ့ ပွဲပြီးခါနိးမှာ ချေပဂိုးတစ်ဂိုးပြန်ရခဲေ့ပမယ့် ဆေးမမီခဲ့တော့ဘဲ ဂွတ်ဒီဆင်ပါ့ခ်မှာ အရေးနိမ့်ခဲ့ရပါတယ်။ အဲဗာတန်ကတော့ လေးပွဲဆက်တိုက်အနိုင်နဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်သွားခဲ့ပြီးတော့ သူတို့ရဲ့ ဒီရာသီပြင်ဆင်မှုတွေဟာ အချည်းနှီးမဟုတ်ဘဲ မြင့်မားတဲ့အဆင့်တစ်ခုကို ရယူနိုင်ဖို့အသင့်ဖြစ်နေပြီဆိုတာကိုပါ ပြသနို်င်ခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က