အသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့်အဝဆင်းနေပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကနေ တစ်ရာသီအငှားနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဘေးလ်ဟာ ဒဏ်ရာပြသနာကြောင့် လက်ရှိအချိန်ထိ အသင်းအတွက် ကစားပေးခြင်းမရှိသေးသူဖြစ်ပါတယ်။


စပါးအသင်းရဲ့ တောင်ပံကစားသမားဂါရတ်ဘေးလ်ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။ မနေ့က ဘေးလ်ဟာ အသင်းနဲ့လေ့ကျင့်မှုတွေပြုလုပ်ခဲ့တာကို စပါးအသင်းရဲ့ တရားဝင်တွစ်တာအကောင့်မှာဖော်ပြခဲ့ပြီး ဝေးလ်လက်ရွေးစင်အနေနဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ စပါးအတွက် စတင်ကစားပေးနိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကနေ တစ်ရာသီအငှားနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဘေးလ်ဟာ ဒဏ်ရာပြသနာကြောင့် လက်ရှိအချိန်ထိ အသင်းအတွက် ကစားပေးခြင်းမရှိသေးသူဖြစ်ပါတယ်။ သူနဲ့အတူ အသင်းကိုရောက်ရှိခဲ့တဲ့ နောက်ခံလူရီဂူလွန်ကတော့ ပါဝင်ကစားပေးနေပြီဖြစ်ကာ စပါးအနေနဲ့ မကြာခင်မှာ သူတို့ရဲ့ နာမည်ကျော်ကစားသမားဟောင်းကို ထည့်သွင်းအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။


ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ဘေးလ်က အပေါ့စားလေ့ကျင့်ခန်းတွေကိုသာ ပြုလုပ်နိုင်ခဲ့ပြီး မနေ့က ထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ လေ့ကျင့်ခန်းအပြည့်အဝဆင်းနေခဲ့တယ်လို့ ယူဆရပါတယ်။ ဒါကြောင့် ရလဒ်ကောင်းတွေဆက်တိုက်ရရှိနေတဲ့ စပါးအတွက် လူအင်အားက တောင့်တင်းသွားတော့မှာဖြစ်ပြီး မော်ရင်ဟိုအတွက်တော့ အားတက်စရာဖြစ်လာခဲ့ပါတယ်။

စပါးဟာ နောက်ဆုံးကစားခဲ့တဲ့ ယူနိုက်တက်နဲ့ပွဲမှာ ၆-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲစုံလေးပွဲဆက်တိုက် အနိုင်ရရှိထားခဲ့ပါတယ်။ တိုက်စစ်ပိုင်းက ခြေစွမ်းပြနေပြီး ဆွန်ဟောင်မင်နဲ့ ကိန်းတို့ရဲ့ အတွဲအဖက်မိလာမှုနဲ့အတူ ပြိုင်ဘက်တိုင်းကို ဂိုးသွင်းယူနိုင်နေချိန်မှာ ဘေးလ်ပါ ပါဝင်ခဲ့မယ်ဆိုပါက သူတို့ရဲ့ တိုက်စစ်ပိုင်းက ကြောက်မက်ဖွယ်ရာပိုမိုကောင်းလာမှာလည်းဖြစ်ပါတယ်။ 

စပါးကစားသမားဟောင်း ဘာဘာတော့ဗ်ကလည်း "သူလေ့ကျင့်ခန်း ပြင်းပြန်းထန်ထန်မဆင်းနိုင်သေးပေမယ့်လည်း သူရောက်ရှိလာခဲ့တာက အသင်းကိုအများကြီးအကျိုးပြုပါတယ်၊ သူ့ရဲ့ အနိုင်ရလိုမှုစိတ်ဓာတ်က အသင်းဖော်တွေဆီကို ကူးစက်စေမှာပါ၊ သူ ကစားနိုင်ပြီဆိုရင်တော့ အသင်းတိုင်းကို ထိတ်လန့်စေမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 



က္က