အပြန်အလှန်သွင်းဂိုးတွေနဲ့ ၂ဂိုးစီသရေဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်လည်စတင်ခဲ့တဲ့ ပရီးမီးယားလိဂ်စနေနေ့ပွဲစဉ်တွေကတော့ အဲဗာတန် နဲ့ လီဗာပူးလ်တို့ရဲ့ မာဆေးဆိုက်ဒါဘီပွဲနဲ့ စဖွင့်ခဲ့ပါတယ်။ ဒီရာသီခြေစွမ်းပြနေတဲ့ အဲဗာတန်ကို ရင်ဆိုင်ရတာက လီဗာပူးလ်အတွက် ပြီးခဲ့တဲ့ရာသီတွေထက် ပိုမိုခက်ခဲမယ်လို့ ယူဆခဲ့ကြပြီး တကယ်တမ်းကစားချိန်မှာလည်း ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။

လီဗာပူးလ်အနေနဲ့ ပွဲအစ ၃မိနစ်မှာပဲ မာနေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အစကောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဂိုးကိုတော့ အဲဗာတန်နောက်ခံလူမိုက်ကယ်ကိန်းက ပြန်လည်ချေပခဲ့လို့ ပွဲက အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ လီဗာပူးလ်နောက်ခံလူဗန်ဒိုက်ဟာ အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ရဲ့ ဝင်ပုံကြမ်းတမ်းမှုကြောင့် ဒဏ်ရာရရှိခဲ့လို့ လူစားလဲခဲ့ရပါသေးတယ်။

အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပွဲကကြည့်ကောင်းခဲ့ပြီး ကစားသမားတွေကြား ပြိုင်ဆို်င်မှုတွေကလည်း ပြင်းထန်နေခဲ့လို့ ဒါဘီပွဲရသကို ခံစားခဲ့ရပါတယ်။ ပထမပိုင်းအပြီးမှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပြီး ဒုတိယပိုင်းမှာ နှစ်သင်းစလုံးအနိုင်ရဖို့ ကြိုးစားခဲ့ကြပြီး ပွဲရှိန်က တက်လာခဲ့ပါတယ်။ ဒါပေမယ့် ၇၁ မိနစ်မှာတော့ ထင်မှတ်မထားတဲ့ အနေအထားကနေ ဆာလာက ဧရိယာထဲကနေ အပိုင်ကန်သွင်းခဲ့လို့ လီဗာပူးလ်တို့ ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲဗာတန်ကတော့ လီဗာပူးလ်ကို မာမာထန်ထန်တုံ့ပြန်နိုင်ခဲ့ပြီး သူတို့ရဲ့ ကစားသမားကောင်းတွေပိုင်ဆို်င်မှုကြောင့် ပွဲချိန်တွင်း ကစားကွက်အသာစီးရရှိမှုတွေရှိခဲ့ပါတယ်။ အထူးသဖြင့် အဲဗာတန်ကွင်းလယ်မှာ ဒူကူရီ နဲ့ အယ်လန်တို့ရဲ့ အမာခံအားတွေကြောင့် လီဗာပူးလ်တို့ ထင်တိုင်းမပေါက်ဖြစ်ခဲ့ရပြီး ဂိုးရဖို့ တော်တော်လေးအားထုတ်ခဲ့ရပါသေးတယ်။ 

ဆိုခဲ့တဲ့အတိုုင်းပဲ ကစားသမားကောင်းတွေရှိနေခဲ့တဲ့ အဲဗာတန်က အခွင့်အရေးရချိန်မှာ ဂိုးရအောင်ပြန်သွင်းနိုင်ခဲ့ပြီး ၇၈ မိနစ်မှာ ဒစ်ဂ်နီရဲ့ ဖန်တီးပေးမှုကနေ အဲဗာတန်အတွက် ပုံမှန်ဂိုးသွင်းပေးနေတဲ့ ကယ်လ်ဗတ်လီဝင်က ချေပဂိုးပြန်သွင်းပေးခဲ့လို့ တစ်ဖက်နှစ်ဂိုးစီဖြစ်ခဲ့ကာ ပွဲကပိုပြီးအကြိတ်အနယ်ရှိခဲ့ပြီး လက်ကျန်မိနစ်တွေက စိတ်လှုပ်ရှားစရာကောင်းသွားခဲ့ပါတယ်။ 


ပွဲပြီးခါနီးမှာတော့ ကစားပုံကြမ်းတမ်းခဲ့တဲ့ အဲဗာတန်အသင်းက ရစ်ချာလီဆန် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ ဒအဆိုပါအနေအထားကို လီဗာပူးလ်တို့ အကောင်းဆုံးအခွင့်အရေးအဖြစ် အသုံးချခဲ့ကာ နာကျင်အချိန်ပိုမှာတော့ အသင်းခေါင်းဆောင်ဟန်ဒါဆန်က အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပေမယ့် VAR ပြန်ကြည့်ပြီးဆုံးဖြတ်ခဲ့ရာမှာ မာနေးလူကျွံနေခဲ့လို့ ဂိုးအဖြစ်မရခဲ့ဘဲ လီဗာပူးလ်တို့ နစ်နာခဲ့ရပြီး အဖိုးတန်နိုင်ပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။ 



က္က