ယူနိုက်တက်ကတော့ အိမ်ကွင်းစံချိန်ဆိုးတွေ ထပ်မံရရှိခဲ့ပါတယ်။
Pyae Phyo Thein

စူပါဆန်းဒေးရဲ့ အကောင်းဆုံးပွဲအဖြစ်ကစားခဲ့တဲ့ ယူနိုက်တက် နဲ့ အာဆင်နယ်ပွဲစဉ်ကတော့ ထင်မှတ်သလောက် အကြိတ်အနယ်မရှိခဲ့ဘဲ သာမာန်ပွဲတစ်ပွဲအသွင်သာ ဆောင်ခဲ့ပါတယ်။ နိုင်ပွဲဆက်နေတဲ့ ဆိုးလ်ရှားက ကွင်းလယ်ပိုင်းကစားသမားတွေကို အဓိကထားပွဲထုတ်ခဲ့ပြီး အာဆင်နယ်ကတော့ ထုံးစံအတိုင်း လာကာဇက်နဲ့ အော်ဘာမီယန်အတွဲကို တိုက်စစ်တင်ကာ လူစုံတက်စုံထည့်သွင်းခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ ယူနို်က်တက်ကစားပုံက အားနည်းမှုတွေရှိနေခဲ့ပြီး အာဆင်နယ်က အနည်းငယ်သာလွန်နေခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် အာဆင်နယ်ကသာ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့မယ်ဆိုရင် ဂိုးစောစောရနိုင်တဲ့အနေအထားမှာ ရှိခဲ့ပေမယ့် လာကာဇက်၊ ဝီလီယံတို့ရဲ့ ကန်သွင်းမှုတွေ လွဲချော်ခဲ့လို့ ဂိုးမရခဲ့တာပါ။ 

ယူနိုက်တက်ကတော့ ထိရောက်တဲ့တိုက်စစ်ကစားပုံကို မပြသနိုင်ခဲ့ဘဲ အာဆင်နယ်ခံစစ်ကို ထိုးဖောက်ဖို့ အခက်တွေ့နေခဲ့ပါတယ်။ ခြေစွမ်းပြနေတဲ့ ရက်ရှ်ဖို့ဒ်လည်း ဒီပွဲမှာ ရုန်းကန်ခဲ့ရပြီး ဂိုးကန်သွင်းခွင့်တောင်မရသလောက်ရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဒီလိုပုံစံပဲဖြစ်ခဲ့ပြီး အာဆင်နယ်တို့အတွက် အဖိုးတန်ဦးဆောင်ဂိုးကတော့ ပယ်နယ်တီကနေ ရရှိခဲ့ပါတယ်။

ပေါ့ဂ်ဘာရဲ့ ဘယ်လာရင်ကိုဖျက်ထုတ်မှုကနေ ပယ်နယ်တီရရှိခဲ့ပြီး ဂိုးပေါက်ပျောက်နေတဲ့ အော်ဘာမီယန်က သွင်းယူပေးခဲ့တာပါ။ ဒီနောက်မှာ ဆိုးလ်ရှားက ကာဗာနီ၊ မာတစ်၊ ဗန်ဒီဘိခ်တို့ကို ထည့်သွင်းပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ကာ ယူနိုက်တက်က ပွဲချိန်နှောင်းပိုင်းမှာ ဖိအားပေးနိုင်ခဲ့ပြီး ဗန်ဒီဘိခ်ရဲ့ ကန်ချက်တိုင်ထိထွက်ခဲ့တာက နစ်နာခဲ့ရပါတယ်။ 


လက်ကျန်မိနစ်တွေမှာ အာဆင်နယ်က ဂိုးမပေးရအောင် တောင့်ခံနိုင်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ၁၄ နှစ်ကြာ နိုင်ပွဲမရတဲ့ စံချိန်ဆိုးကို ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်။ ဆိုးလ်ရှားအတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ်အိမ်ကွင်း ၄ပွဲစလုံးကို အနိုင်မရရှိခဲ့သလို တစ်ပွဲသာ သရေကျခဲ့လို့ အဆိုးဝါးဆုံးရာသီအစအိမ်ကွင်းရလဒ်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 


Author


က္က