ပွန်ချက်ကတော့ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။
Kyaw Ko Ko Sint

ပရီးမီးယားလိဂ်မှာ နည်းပြ ပြန်လုပ်ဖို့ အဆင်သင့်ပါပဲလို့ ထုတ်ဖော်ပြောလိုက်တဲ့ ပွန်ချက်တီနိုရဲ့ စကားဟာ ကမ်းလှမ်းမှုတစ်ခုလား၊ဒါဆို ဘယ်သူ့အတွက် ခေါ်သံ အဖြစ်နိုင်ဆုံးလဲဆိုတာ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှု ဖို့ အကောင်းဆုံး ဖြစ်နေပါပြီ။

ဘောလုံးလောကနဲ့ တစ်နှစ်နီးပါးမျှ ဝေးကွာနေတဲ့ စပါးနည်းပြဟောင်း ပွန်ချက်တီနိုကတော့ စိန်ခေါ်မှု အသစ်တွေ ကို အမြဲ ကြိုဆိုနေတယ်လို့ ထုတ်ဖော်ပြောလာပါတယ်။

ပွန်ချက်တီနိုအနေနဲ့ အခုလို ထုတ်ဖော်ပြောလာချိန်မှာ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား နေရာကို အစားထိုးလာနိုင်တယ်လို့လည်း ထင်ကောင်းထင်နိုင်စရာ ရှိနေပါတယ်။

အကြောင်းကတော့ နည်းပြ ဆိုးလ်ရှားအနေနဲ့ ယခုလအတွင်း ပရီးမီးယားလိဂ်မှာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင် နေရပြီး အဆင့် ၁၅အထိ နိမ့်ကျစွာ ရပ်တည်နေပါတယ်။

လက်ရှိ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ပွန်ချက်ကိုတော့ ဥရောပ ထိပ်သီး အသင်းအချို့ ဖြစ်တဲ့ ရီးရဲမက်ဒရစ်၊ပီအက်စ် ဂျီ၊ဂျူဗင်တပ် စတဲ့ အသင်းတွေက ကမ်းလှမ်းခဲ့ကြပေမယ့် ပွန်ချက်တီနိုကတော့ ပရီးမီးယားလိဂ်မှာသာ ဆက်နေ ဖို့ ဆန္ဒရှိနေဟန် မြင်တွေ့ခဲ့ရပါတယ်။

ဒါကြောင့်လည်း လက်ရှိအချိန်ထိ နည်းပြ အလုပ်ကို ပြန်မလုပ်သေးပဲ ၆နှစ်ကြာ ပရီးမီးယားလိဂ်မှာ တာဝန်ထမ်း ဆောင်ပြီး ခဏနားနေကာ ပြန်လာဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။

“ဒီနိုင်ငံရဲ့ ယဥ်ကျေးမှု၊လူနေမှု ပုံစံ စတာတွေက တကယ့်ကို အံ့အားသင့်ဖွယ်ပါပဲ၊ဒီနိုင်ငံကို ကျွန်တော် ချစ်တယ်” လို့ ပွန်ချက်တီနိုက Sky Sportsကို ပြောခဲ့ပါတယ်။

“ဘောလုံးကို ချစ်တယ်၊ဒါကြောင့် နောက်တစ်ကြိမ် ပြန်လည်ပါဝင်နိုင်ဖို့ အဆင်သင့်ပါပဲ၊ဒါက ကျွန်တော့်ရဲ့ စိတ် အားထက်သန်မှုပါ၊အလုပ်ဆိုတာထက် ပိုပါတယ်။”လို့လည်း ပွန်ချက်က ဆိုပါသေးတယ်။

ပွန်ချက်တီနိုအနေနဲ့စပါးအသင်းကို ကလပ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သူ ဖြစ်သလို သူ့လက်ထက်မှာလည်း စပါးအသင်းဟာ ဆုဖလား မရရှိခဲ့ပေမယ့် ဥရောပ ထိပ်တန်း အသင်းကြီး တစ်သင်း ဖြစ်အောင် တည်ဆောက်နိုင်ခဲ့သူပါ။

လက်ရှိအချိန်မှာတော့ ယူနိုက်တက်အသင်းဟာလည်း ရလဒ်ဆိုးတွေကြောင့် နည်းပြ ပြောင်းသင့်ပြီလို့ ဝေဖန်သံ တွေ ထွက်ပေါ်နေသလို ပွန်ချက်တီနိုကို အစားထိုး သင့်တယ်လို့ ထောက်ပြသူတွေလည်း ရှိနေလို့ ဒါဟာ နည်းပြ ဆိုးလ်ရှားအတွက် ခေါ်သံလား ပွန်ချက်တီနိုရဲ့ ရာဇသံလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။


Author


က္က