၂ဂိုးသွင်းကာ ၁ကြိမ်ဖန်တီးပေးခဲ့ပါတယ်။
Pyae Phyo Thein

ဒီတပတ်ပရီးမီးယားလိဂ်ရဲ့ အစောပွဲအဖြစ်တော့ အဲဗာတန် နဲ့ ယူနို်က်တက်တို့ရဲ့ ပွဲကောင်းတစ်ပွဲကို ကစားခဲ့ကြပါတယ်။ ရလဒ်ပိုင်းပြန်ကျလာတဲ့ အဲဗာတန် နဲ့ နည်းပြရာထူးအတွက်ပါ ဖိအားတွေရှိနေတဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်တို့တွေ့ဆုံမှုကို ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြပြီး ဒီပွဲက ယူနိုက်တက်ရဲ့ နည်းပြအပြောင်းအလဲဖြစ်လာမယ်လို့တောင်မှ သတင်းတွေထွက်နေခဲ့တာပါ။

အရေးအကြောင်းကြုံလာတိုင်းမှာ သူ့ကိုယ်သူ ကယ်တင်နိုင်တဲ့ အစဉ်အလာကို ဆိုးလ်ရှားက ဒီနေ့ပွဲမှာ ဆက်လက်ထိန်းသိမ်းပြခဲ့ပြီး အဝေးကွင်းနိုင်ပွဲယူခဲ့ပါတယ်။ အိမ်ကွင်းမှာ ရလဒ်တွေဆိုးရွားသလောက် အဝေးကွင်းဆိုရင် ပွဲတိုင်းနိုင်နေတဲ့ စံချိန်ကို ဆိုးလ်ရှားက ဆက်ထိန်းသိမ်းနိုင်ခဲ့သလို နည်းပြထိုင်ခုံအတွက်ပါ အတိုင်းအတာတစ်ခုအထိ စိတ်ချသွားခဲ့ရပါတယ်။

အန်ဆယ်လော့တီရဲ့ အဲဗာတန်ဟာ အိမ်ကွင်းမှာ ဦးဆောင်ဂိုးစရခဲ့ပေမယ့်လည်း ယူနိုက်တက်ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရလို့ ၃ ပွဲဆက်တိုက်ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။ အာဆင်နယ်၊ အစ္စတန်ဘူလ်တို့ကို ဆက်တိုက်အရေးနိမ့်ထားခဲ့တဲ့ ဆိုးလ်ရှားက ဒီနေ့ပွဲမှာ အသင်းကို အကောင်းဆုံးပုံစံနဲ့ ထိန်းကျောင်းပြခဲ့ပြီး ကစားသမားအများစုကလည်း နိုင်ပွဲပြန်ရဖို့ အားထုတ်ပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အဲဗာတန်အတွက် ဘားနတ်က ဦးဆောင်ဂိုးကို ဒီဂီယာရဲ့ ညာဘက်ထောင့်ကျဉ်းထဲ လှလှပပကန်သွင်းယူခဲ့ပြီး ယူနိုက်တက်အတွက်တော့ ပယ်နယ်တီမဟုတ်တဲ့ သွင်းဂိုးတွေ ပျောက်ဆုံးနေတဲ့ ဘရူနိုဖာနန်ဒက်စ်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဆက်တိုက်ဆိုသလို သွင်းယူပေးခဲ့ပြီး ဆိုးလ်ရှားကို ကယ်တင်ပေးခဲ့သလို အသင်းကိုလည်း နိုင်ပွဲပြန်ရစေခဲ့ပါတယ်။ 

ပွဲပြီးခါနီးမှာတော့ တန်ပြန်တိုက်စစ်ကနေ ယူနိုက်တက်တိုု့ နောက်တစ်ဂိုးထပ်ရခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိတဲ့ ပေးပို့မှုကနေ ကာဗာနီက အပိုင်ကန်သွင်းယူကာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ရယူခဲ့ပြီး အဝေးကွင်းမှာ ၁-၃ နဲ့ အဲဗာတန်ကို အနိုင်ကစားသွားခဲ့ပါတယ်။ 


ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ အဆင့် ၁၃ နေရာကို ပြန်တက်လာနိုင်ခဲ့ပြီး အဲဗာတန်ကတော့ အဆင့် ၅ နေရာအထိ ရောက်သွားခဲ့ပါတယ်။ ဒီဂီယာအတွက်တော့ သူ့ရဲ့ အသက် ၃၀ ပြည့်မွေးနေ့မှာ နိုင်ပွဲယူချင်တယ်လို့ ပြောဆိုခဲ့အတိုင်း အနိုင်ရလဒ်ရယူနိုင်ခဲ့ပြီး မွေးနေ့ကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က