နောက်ခံလူသီယာဂိုဆေးလ်ဗားက ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်နေတာပါ။

ဒီနေ့ည ကစားရမယ့် စပါးနဲ့ လန်ဒန်ဒါဘီပွဲမှာ နောက်ခံလူသီယာဂိုဆေးလ်ဗားရဲ့ ခေါင်းဆောင်မှုစွမ်းရည်က ပြိုင်ဘက်အသင်းမှာခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင် နဲ့ ဟယ်ရီကိန်းတို့ကို ဟန့်တားနိုင်လိမ့်မယ်လို့ ချယ်လ်ဆီးနည်းပြလမ်းပတ်က ယုံကြည်နေပါတယ်။ စပါးရဲ့ တိုက်စစ်အတွဲဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးအထိ ရရှိထားပြီး အသင်းကို အမှတ်ပေးဇယားထိပ်ပိုင်းနားထိ ပို့ဆောင်ပေးထားပါတယ်။ 



ချယ်လ်ဆီးကလည်း တောက်လျှောက်နိုင်ပွဲဆက်နေတဲ့အသင်းဖြစ်ကာ ပြိုင်ပွဲစုံငါးပွဲဆက်အနိုင်ရထားပြီး စပါးကလည်း မော်ရင်ဟိုလက်ထက် ပထမဆုံးအကြိမ်ငါးပွဲဆက်အနိုင်ရကာ ၃ပွဲဆက်တိုက်ဂိုးမပေးထားရလို့ ခြေစွမ်းပြနေတဲ့ နှစ်သင်းထိပ်တိုက်တွေ့နေတာလည်းဖြစ်ပါတယ်။ လမ်းပတ်က ၀ါရင့်နောက်ခံလူရဲ့ စွမ်းဆောင်ရည်က သူတို့အတွက် အကျိုးရှိလိမ့်မယ်လို့ အခုလိုပဲပြောခဲ့ပါတယ်။ 

"ဟယ်ရီကိန်းနဲ့ပတ်သက်ပြီး မျှမျှတတပြောမယ်ဆို သူက ကမ္ဘာပေါ်က ဘယ်ခံစစ်သမားကိုမဆို အခက်တွေ့အောင်လုပ်နိုင်သူပါ၊ ကံတရားကို ကျွန်တော်ယုံကြည်တာမျိုးမဟုတ်ပေမယ့်လည်း သီယာဂိုရဲ့ အရည်အသွေး၊ သူ့ရဲ့ နေရာယူပုံနဲ့ အတွေ့အကြုံတွေက ဒီလိုနေရာမျိုးမှာ တစ်ဦးချင်းစီကို သူ ကိုုင်တွယ်ဖြေရှင်းနိုင်ပါတယ်၊ သူ့အနားက လူတွေကိုလည်း လွှမ်းမိုးနိုင်စွမ်းရှိပါတယ်"

"ဆွန်နဲ့ ကိန်းတ်ို့လို လိမ္မာပါးနပ်တဲ့သူတွေနဲ့ ရင်ဆိုင်ရတယ်ဆိုရင် အရေးအကြီးဆုံးက တည်ငြိမ်တဲ့ပုံစံရှိဖို့ပါ၊ အခြေအနေတွေကို လက်သင့်ခံပြီး ကိုင်တွယ်ဖြေရှင်းချင်စိတ်ရှိဖို့နဲ့ ပေးဂိုးမရှိအောင် စွမ်းဆောင်ချင်စိတ်မျိုးရှိနေရပါမယ်၊ ဒါတွေကို သူ ပေးစွမ်းနိုင်ပါတယ်၊ တစ်ဦးချင်းအရည်အသွေးဆိုရင်လည်း ကောင်းမွန်ပြီး အစုအဖွဲ့နဲ့ဆိုရင်လည်း ပြောစရာမလိုပါဘူး၊ ခံစစ်ပိုင်းကို ကြည့်လိုက်တိုင်းမှာ ခေါင်းဆောင်က သီယာဂိုဖြစ်နေတယ်ဆိုတာကို သေချာအောင် ကျွန်တော်တို့ လုပ်သွားရမှာပါ" လို့ လမ်းပတ်က ပွဲမတိုင်ခင်ပြောခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ 

သီယာဂိုကတော့ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးမှာတော့ ခြေစွမ်းပြကစားနေကာ အသင်းကို နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲအထိ ပေးဂိုးမရှိအောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က