ပွဲကျပ်ကာလမှာ ကူးစက်ခဲ့တာဖြစ်လို့ မန်စီးတီးအတွက် စိတ်ပျက်စရာပါပဲ။

မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ နောက်ခံလူကိုင်လီဝေါ်ကာ၊ တိုက်စစ်မှူးဂျီးဆပ်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရလို့ နယူးကာဆယ်နဲ့ ကစားရမယ့် ဘောက်ဆင်ဒေးပွဲကို လွဲချော်ပြီဖြစ်ပါတယ်။ နယူးကာဆယ်အသင်းမှာလည်း မက်ဆီမင် နဲ့ အသင်းခေါင်းဆောင်လက်စ်ဆဲလက်စ်တို့လည်း ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။



ဝေါ်ကာ နဲ့ ဂျီးဆပ်တို့ဟာ အာဆင်နယ်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့ကြပြီး ဂျီးဆပ်က အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးအသင်းက သတင်းထုတ်ပြန်ခဲ့ရာမှာ "ဂါဘရီရယ်ဂျီးဆပ် နဲ့ ကိုင်လီဝေါ်ကာ၊ အသင်းဝန်ထမ်းနှစ်ဦးမှာ ကိုဗစ်-၁၉ ကူးစက်ခံရတယ်ဆိုတာကို အသင်းက အတည်ပြုနိုင်ပါတယ်၊ သူတို့အားလုံး အခု သီးခြားနေထိုင်နေပါတယ်"

"ပရီးမီးယားလိဂ် နဲ့ ဗြိတိန်အစိုးရရဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်းလည်း လိုက်နာနေပါတယ်၊ ကလပ်အသင်းက လူတိုင်းက သူတို့တွေ အမြန်ဆုံးပြန်လည်ကောင်းမွန်လာဖို့ ဆန္ဒပြုပြီး ခရစ္စမတ်ကာလအပြီးမှာ အသင်းနဲ့အတူ ပြန်လည်ကစားပေးနိုင်မယ်လို့လည်း မျှော်လင့်နေကြပါတယ်" လို့ ရေးသားခဲ့ပါတယ်။ 

ဝေါ်ကာ နဲ့ ဂျီးဆပ်တို့ရဲ့ ကူးစက်ခံရမှုဟာ ပရီးမီးယားလိဂ်အတွက်တော့ စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ ပြီးခဲ့တဲ့ လအတွင်းမှာ ကစားသမားတွေ ကူးစက်ခံရမှုက မရှိသလောက်နည်းပါးနေခဲ့တာဖြစ်ပေမယ့် ဗြိတိန်မှာ ဗီဇပြောင်းလဲလာတဲ့ ဗိုင်းရပ်စ်အမျိုးအစားသစ်ကို တွေ့ရှိခဲ့ပြီးနောက် အခုလိုမျိုး တွေ့ရှိရတာဖြစ်လို့ ကလပ်အသင်းတွေအတွက်လည်း စိတ်ပူစရာဖြစ်လာခဲ့ရပါတယ်။ 

မန်စီးတီးကတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ဦးဆောင်သူ လီဗာပူးလ်နဲ့ ၈ မှတ်အထိ ကွာဟနေပါတယ်။ ဒီဇင်ဘာ နဲ့ နှစ်သစ်ကူးကာလမှာ ပရီးမီးယားလိဂ်က ပွဲစဉ်တွေ ဆက်တိုက်ကစားသွားမှာဖြစ်လို့ အဓိကကစားသမားနှစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတာက ဂွာဒီယိုလာအတွက် စိတ်ပျက်စရာလည်း ဖြစ်လာခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က