အာရှသားတယောက်အတွက် ဂုဏ်ယူစရာဖြစ်လာခဲ့ပါတယ်။
Pyae Phyo Thein

တောင်ကိုရီးယားကြယ်ပွင့်ဟာ စပါးအတွက် ခြောက်ရာသီမြောက်ကစားပေးနေတာဖြစ်ပြီး ဒီရာသီကတော့ စပါးကစားသမားဘဝမှာ သွင်းဂိုးအများဆုံးရရှိမယ့် ဘောလုံးရာသီဖြစ်လာဖွယ်ရှိနေပါတယ်။


လိဒ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ စပါးအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် စပါးတိုက်စစ်မှူးဆွန်ဟောင်မင်ဟာ သွင်းဂိုး ၁၀၀ ပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ စပါးအသင်းတစ်သင်းတည်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၀၀ ကို ရရှိခဲ့တာဖြစ်ပြီး အာရှတိုက်သားတစ်ဦးအနေနဲ့ ဂုဏ်ယူဖွယ်ရာမှတ်တမ်းလည်း ဖြစ်လာခဲ့ပါတယ်။ 



အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို အသင်းဖော်တိုက်စစ်မှူးဟယ်ရီကိန်းရဲ့ ဖန်တီးပေးမှုကနေ ဆွန်ဟောင်မင်က အလိုက်သင့်ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ ဒီရာသီမှာ သူ့အတွက် ပရီးမီးယားလိဂ် ၁၂ ဂိုးမြောက်ဖြစ်လာခဲ့သလို ပြိုင်ပွဲစုံသွင်းဂိုး ၁၅ ဂိုးအထိ ဆွန်ဟောင်မင်က ရယူနိုင်ခဲ့ကာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပြီလည်းဖြစ်ပါတယ်။ 

တောင်ကိုရီးယားကြယ်ပွင့်ဟာ စပါးအတွက် ခြောက်ရာသီမြောက်ကစားပေးနေတာဖြစ်ပြီး ဒီရာသီကတော့ စပါးကစားသမားဘဝမှာ သွင်းဂိုးအများဆုံးရရှိမယ့် ဘောလုံးရာသီဖြစ်လာဖွယ်ရှိနေပါတယ်။ ဆွန်က ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၈ ဂိုးသာ ရရှိခဲ့ပေမယ့် အဲဒီနောက်မှာ ၂၁ဂိုး၊ ၁၈ ဂိုး၊ ၂၀ ဂိုး၊ ၁၈ ဂိုးရရှိခဲ့ပြီး ဒီရာသီမှာ ပွဲအများအပြားကစားဖို့ ကျန်နေသေးပြီး နောက်ထပ် ၇ ဂိုးရရှိတာနဲ့ ဂိုးသွင်းအများဆုံးရာသီကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ 

ရာပြည့်ဂိုးရရှိခဲ့ပြီးနောက် အားကစားသတင်းဌာနတချို့က ဆွန်ဟောင်မင်ကို ဆွန်နယ်ဒိုလို့ ခေါ်ဝေါ်ကာ ချီးကျူးခဲ့ကြပါတယ်။ နာမည်ကျော်ကစားသမားဟောင်း ဂယ်ရီလိုင်နီကာကလည်း ဆွန်ဟောင်မင်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး စပါးနည်းပြမော်ရင်ဟိုက ဆွန်ဟောင်မင်အတွက် သူ ဝမ်းသာပျော်ရွှင်ရတယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က