ကာရာဘောင်းဖလားဆီမီးဖိုင်နယ် ကစားရမှာပါ။
Pyae Phyo Thein

ကစားသမား ၆ ဦးအထိ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အခြေအနေနဲ့ မန်စီးတီးတို့ ရင်ဆိုင်နေရတာဖြစ်ပြီး အရန်အင်အားနည်းပါးနေတာလည်းဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဒီနေ့ညမှာ ကစားရမယ့် ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲအတွက် အသင်းမှာ ကစားသမားအင်အားအလုံအလောက်မရှိဘူးလို့ မန်စီးတီးနည်းပြဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ ကစားသမား ၆ ဦးအထိ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အခြေအနေနဲ့ မန်စီးတီးတို့ ရင်ဆိုင်နေရတာဖြစ်ပြီး အရန်အင်အားနည်းပါးနေတာလည်းဖြစ်ပါတယ်။

ဒီအတွက်ကြောင့်လည်း မန်စီးတီးဟာ အဲဗာတန်နဲ့ ကစားရမယ့်ပွဲကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ချယ်လ်ဆီးနဲ့ ပြန်လည်ကစားခဲ့ပြီး ၃-၁ နဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ကာ သူတို့ရဲ့ပုံစံကောင်းကို ပြသနိုင်ခဲ့ပါတယ်။ ဝေါ်ကာ၊ ဂျီးဆပ်၊ အဲရစ်ဂါစီယာနဲ့ အခြားကစားသမား ၃ဦးအထိ ဗိုင်းရပ်စ်ကူးစက်ခံနေရပေမယ့် ချယ်လ်ဆီးကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ 


မန်ချက်စတာဒါဘီပွဲအဖြစ်နွှဲရမယ့် ကာရာဘောင်းပွဲမတိုင်ခင်မှာ ဂွာဒီယိုလာက "ကျွန်တော်တို့မှာ ကစားသမားအများကြီးမရှိပါဘူး၊ တစ်ပွဲ၊နှစ်ပွဲလောက်ကစားရတာက အဆင်ပြေပါတယ်၊ ဒါပေမယ့်လည်း အချိန်ကြာလာမယ်ဆိုရင်တော့ မလွယ်ပါဘူး၊ ကစားသမား ၁၄ဦး၊ ၁၅ ဦးလောက်ကိုပဲ အသုံးပြုနိုင်မှာဖြစ်လို့ ပိုပြီးခက်ခဲလာမှာပါ"


"ဒါပေမယ့်လည်း ကမ္ဘာပေါ်က လူတွေလိုပဲ ကျွန်တော်တို့ရဲ့ ရပ်တည်မှုနဲ့ အလုပ်အကိုင်တွေကို တတ်နိုင်သမျှချိန်ညှိသွားရမှာပါ၊ နောက်ထပ်နည်းလမ်းလည်းမရှိပါဘူး၊ ကစားသမားတွေ ပြန်လည်သက်သာလာဖို့က အရေးကြီးပြီး ကျန်ကစားသမားတွေကလည်း ကူးစက်မခံရအောင် ကြိုးစားသွားရမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


မန်စီးတီးကတော့ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတဲ့ ယူနိုက်တက်နဲ့ ကစားရမှာဖြစ်လို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ကတော့ အဓိကကစားသမားအားလုံး ဒဏ်ရာအနာတရကင်းစင်နေပြီး ရလဒ်တွေဆက်တိုက်ကောင်းမွန်နေကာ အမှတ်ပေးဇယားကို လီဗာပူးလ်နဲ့အတူ ဦးဆောင်နေတဲ့အသင်းလည်းဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က