မော်ရင်ဟိုဟာ လိဂ်ဖလားဗိုလ်လုပွဲတက်တိုင်း ချန်ပီယံ ဖြစ်ပါတယ်။
Kyaw Ko Ko Sint

မော်ရင်ဟိုဟာ လိဂ်ဖလားဗိုလ်လုပွဲကို ၄ကြိမ်တက်ဖူးပြီး ၄ကြိမ်စလုံးကို အနိုင်ရဗိုလ်စွဲထားသလို နည်းပြဘဝ ပြိုင်ပွဲ အသီးသီးရဲ့ ဗိုလ်လုပွဲကို ၁၅ကြိမ်တက်လှမ်းဖူးရာမှာလည်း ၁၂ကြိမ် မြင့်မားစွာချန်ပီယံ ဖြစ်ထားသူပါ။

ယူနိုက်တက်အသင်းဟာ ယနေ့ညမှာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်အဖြစ် မန်ချက်စတာ ဒါဘီ ပြိုင်ဖက် မန်စီးတီးအသင်းနဲ့ ကစားရဖို့ရှိပါတယ်။

ဒီပွဲဟာ ဆိုးလ်ရှားလက်ထက် အသင်းရဲ့ ၁၂လအတွင်း ၄ပွဲမြောက် ဆီမီးဖိုင်နယ်ပွဲတစ်ပွဲလည်း ဖြစ်လာမှာပါ။

ယူနိုက်တက်ဟာ ရှေ့မှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်၊အက်ဖ်အေနဲ့ကားလင်းတို့ရဲ့ ဆီမီးဖိုင်နယ်တွေကို တက်လှမ်း ထားခဲ့ပြီး ၃ပွဲစလုံးအရေးနိမ့်ခဲ့ပါတယ်။

မနှစ်က ကားလင်းဖလား ဆီမီးဖိုင်နယ်မှာတော့ မန်စီးတီးနဲ့ပင် တွေ့ခဲ့တာ ဖြစ်ပြီး အဲ့တုန်းက နှစ်ကျော့ပေါင်းရလဒ် ၃-၂နဲ့ ရှုံးခဲ့တာ ဖြစ်ကာ ယနေ့ပွဲကိုတော့ တစ်ကျော့တည်းသာ ကစားမှာပါ။

ယူနိုက်တက်အတွက်တော့ ကားလင်းဖလားဟာ နည်းပြ ဆိုးလ်ရှားအတွက် ပထမဆုံး ကိုင်မြှောက်ခွင့်ကြုံမယ့် အနီးစပ်ဆုံး ဆုဖလားအဖြစ် ရှိနေပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်မှာ ဗိုလ်လုပွဲတက်ရင် ရင်ဆိုင်ရမယ့် ပြိုင်ဖက်က နည်းပြကြီး မော်ရင်ဟိုရဲ့ စပါးအသင်း ဖြစ်ပါတယ်။

စပါးအသင်းဟာ ၂၀၀၈ခုနှစ်က လိဂ်ဖလားကို နောက်ဆုံးရခဲ့ပြီးနောက် မည်သည့်ဆုဖလားမှ မဆွတ်ခူးနိုင်တာ ၁၃ နှစ်တိတိရှိနေခဲ့ပါပြီ။

ဒါ့အပြင် နည်းပြကြီး မော်ရင်ဟိုဟာ အရင်ချဲလ်ဆီးနဲ့ ယူနိုက်တက်မှာရှိစဥ် လိဂ်ဖလားကို ၄ကြိမ်အထိ ဆွတ်ခူး နိုင်ခဲ့ဖူးသူပါ။

တက်ရောက်နိုင်ခဲ့တဲ့ ဗိုလ်လုပွဲ ၄ကြိမ်စလုံးကို အနိုင်ရ ဗိုလ်စွဲထားတာ ဖြစ်လို့ မော်ရင်ဟို ဗိုလ်လုပွဲတက်ရင် ဖလား ရပြီလို့သာ မှတ်ယူနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

အခြားပြိုင်ပွဲစုံ မှတ်တမ်းတွေအရလည်း မော်ရင်ဟိုဟာ သူ့ရဲ့ နည်းပြဘဝမှာ ရှုံးထွက်ပြိုင်ပွဲအသီးသီးရဲ့ ဗိုလ်လုပွဲကို ၁၅ကြိမ်တိတိ တက်လှမ်းခဲ့ဖူးပြီး ၁၂ကြိမ် အနိုင်ရခဲ့ကာ ၃ကြိမ်သာ အရေးနိမ့်ထားခဲ့လို့ အနိုင်အချိုးက အတော်လေး များနေသူပါ။

ဒါတွေက ယူနိုက်တက်အနေနဲ့ ဆီမီးဖိုင်နယ်ကို ကျော်လွန်ခဲ့ရင်တောင် စပါးနဲ့ပွဲမှာ ခြောက်ခြားစေမယ့် နည်းပြကြီး မော်ရင်ဟိုရဲ့ ရလဒ်မှတ်တမ်းကောင်းတွေ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က