ဂိုးကန်သွင်းချက်အနည်းဆုံးကနေ ဂိုးအဖြစ်ပြောင်းလဲနိုင်မှုအများဆုံးကစားသမားပါ။
Pyae Phyo Thein

ဆွန်ဟောင်မင်က လက်ရှိမှာ လိဂ်ရဲ့အကောင်းဆုံးအဆုံးသတ်သမားအဖြစ် ရပ်တည်နေတာကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းတိကျမှုနှုန်းဟာ ကြောက်ခမန်းလိလိကို မြင့်မားနေတာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ 


ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ လီဗာပူးလ်တိုက်စစ်မှူးမိုဟာမက်ဆာလာက သွင်းဂိုး ၁၃ ဂိုးနဲ့ ဦးဆောင်နေပြီး သူ့ရဲ့နောက်မှာတော့ စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ၁၂ ဂိုးနဲ့ ရပ်တည်နေကာ ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က တတိယနေရာမှာရှိနေပြီး ရွှေဖိနပ်ဆုအတွက် အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။ 



ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တွေစာရင်းမှာ ပါဝင်နေတဲ့ ကစားသမားတွေရဲ့ အချက်အလက်မှတ်တမ်းကို ကြည့်မယ်ဆိုရင်တော့ ဆွန်ဟောင်မင်က လက်ရှိမှာ လိဂ်ရဲ့အကောင်းဆုံးအဆုံးသတ်သမားအဖြစ် ရပ်တည်နေတာကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းတိကျမှုနှုန်းဟာ ကြောက်ခမန်းလိလိကို မြင့်မားနေတာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။ 

စပါးအတွက် လိဂ်ပွဲ ၁၆ ပွဲကစားပေးအပြီးမှာ ဆွန်ဟောင်မင်က သွင်းဂိုး ၁၂ ဂိုးနဲ့ ဖန်တီးမှု ၅ ကြိမ်ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ သွင်းဂိုး ၁၂ ဂိုးရရှိဖို့အတွက် ဂိုးကန်သွင်းချက် ၂၁ ကြိမ်သာ ပြုလုပ်ခဲ့ရပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်မှုမှာ ၅၇% အထိ ရှိနေတာလည်းဖြစ်ပါတယ်။ ၁၁၃ မိနစ်ကစားပြီးတိုင်းမှာ အသင်းအတွက် တစ်ဂိုးနှုန်းသွင်းယူပေးထားတာဖြစ်ပြီး ထိပ်တန်းဂိုးသွင်းရှင်တွေထဲမှာ ဂိုးကန်သွင်းချက်အနည်းဆုံးကနေ ဂိုးအဖြစ်ပြောင်းလဲနိုင်မှု အများဆုံးကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။ 

ဆာလာက ဂိုးကန်သွင်းချက် ၄၂ ကြိမ်မှာ ၁၃ ဂိုးရရှိထားလို့ ဂိုးအဖြစ်ပြောင်းလဲနိုင်မှုမှာ ၃၁% သာရှိနေပြီး တတိယနေရာက ဖာနန်ဒက်စ်ကတော့ ကန်သွင်းချက်က ၃၄ ကြိမ်မှာ ၁၁ ဂိုးရရှိပြီး ၃၂% ကို ဂိုးအဖြစ်ပြောင်းလဲထားနိုင်ခဲ့တာပါ။ ဒီမှတ်တမ်းအချက်အလက်မှာ ဆွန်ဟောင်မင်ကို အနီးစပ်ဆုံး လိုက်မီနေတဲ့ နယူးကာဆယ်တိုက်စစ်မှူးကော်လမ်ဝီဆင်လ်တောင်မှ ၃၆% သာရှိတာမို့ အာရှသားရဲ့ စွမ်းဆောင်ရည်က အပြတ်အသတ်သာလွန်နေတာဖြစ်ပါတယ်။ 

ကန်သွင်းမှုတိကျတဲ့အပိုင်းမှာလည်း ဆွန်ဟောင်မင်က ၈၁% နဲ့ ထိပ်ဆုံးမှာရှိနေပြီး ဗီလာကစားသမား အယ်လ်ဂါဇီက ၇၆% နဲ့ ဒုတိယနေရာမှာရှိနေခဲ့ပါတယ်။ ဒါဟာ ဆွန်ဟောင်မင်အနေနဲ့ ဂိုးသွင်းယူမှုအပိုင်းမှာ တော်တော်လေးကောင်းမွန်နေပြီး အဆုံးသတ်မှုကလည်း တိကျသေသပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေတာဖြစ်ပြီး အာရှသားဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအဆုံးသတ်သမားအဖြစ် လက်ရှိမှာ ရပ်တည်နေပြီလို့ ယူဆရမှာဖြစ်ကြောင်းပါ။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က