နွေရာသီမှာ သဘောတူညီမှုရခဲ့ပြီး အခုမှ တရားဝင်ပြောင်းရွှေ့ခဲ့တာပါ။
Pyae Phyo Thein

အလုပ်လုပ်ခွင့်ပါမစ် နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်တွေကို ရယူနိုင်ခဲ့ပြီးနောက်မှာ ဒီယာလိုက အိုးထရက်ဖို့ဒ်ကို ရောက်ရှိခဲ့ပြီလို့ ယူနိုက်တက်က တရားဝင်ကြေညာသွားခဲ့ပါတယ်။ 


ပြီးခဲ့တဲ့နွေရာသီမှာ သဘောတူညီမှုရရှိထားတဲ့ အတ္တလန္တာတောင်ပံကစားသမားအာမက်ဒီယာလိုကို မန်ချက်စတာယူနိုက်တက်အသင်းက အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အလုပ်လုပ်ခွင့်ပါမစ် နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်တွေကို ရယူနိုင်ခဲ့ပြီးနောက်မှာ ဒီယာလိုက အိုးထရက်ဖို့ဒ်ကို ရောက်ရှိခဲ့ပြီလို့ ယူနိုက်တက်က တရားဝင်ကြေညာသွားခဲ့ပါတယ်။ 

ဒီယာလိုအတွက် ယူနိုက်တက်ဟာ ပေါင် ၃၇ သန်းအထိပေးချေခဲ့ရပြီး ထပ်ဆောင်းဆုကြေးငွေတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ကစားသမားဟာ အတ္တလန္တာအတွက် စီးရီးအေနဲ့ အခြားသောပြိုင်ပွဲတွေမှာ ပါဝင်ကစားပေးခဲ့ပြီး ပုံမှန်ဆေးစစ်နေကျဖြစ်တဲ့အတွက် ဗြိတိန်မှာ ကွာရန်တင်းဝင်ရမယ့်အရေးကို ရှောင်လွှဲနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒီရာသီမှာ အတ္တလန္တာအသင်းကြီးအတွက် ဒီယာလိုက ၂ပွဲသာကစားပေးခဲ့ရပြီး သူ့ကို ရာသီကုန်အထိ အသင်းမှာဆက်လက်ရှိနေဖို့ စီးရီးအေကလပ်ဘက်က ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း သိရပါတယ်။ ဒီယာလိုကိုယ်တိုင်က ယူနို်က်တက်ကို အမြန်ဆုံးပြောင်းရွှေ့ချင်နေခဲ့ပြီး အပြီးသတ်လုပ်ဆောင်မှုတွေအပြီးမှာတော့ သူ့အိပ်မက်တွေဖြစ်မြောက်လာခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

"နွေရာသီကတည်းက စောင့်နေခဲ့ရပြီးနောက် အဆုံးသတ်မှာတော့ ကျွန်တော့်ရဲ့ ယူနို်က်တက်ကို ပြောင်းရွှေ့ဖို့အိပ်မက်တွေက ပြီးပြည့်စုံသွားခဲ့ပါပြီ၊ ကျွန်တော်က ရည်မှန်းချက်အရမ်းကြီးတဲ့သူပါ၊ ကျွန်တော်လိုချင်တဲ့အရာတွေကလည်း အများကြီးရှိပါတယ်၊ နည်းပြဆိုးလ်ရှားနဲ့ စကားပြောကြည့်ချိန်မှာ ကျွန်တော်သိလိုက်တာက အကောင်းဆုံးအသင်းကို ကျွန်တော်ပြောင်းနိုင်ခဲ့ပြီဆိုတာပါပဲ"

"ယူနိုက်တက်က ကစားသမားကောင်းတွေနဲ့အတူ စိတ်လှုပ်ရှားစရာလူစာရင်းကို ပိုင်ဆိုင်ထားပါတယ်၊ ကျွန်တော်နေ့တိုင်း သူတို့ဆီကသင်ယူပြီး ကြိုးစားသွားမယ်လို့ ကတိပေးနိုင်တယ်၊ ပွဲကစားရတိုင်းမှာလည်း အရာအားလုံးကို ပေးဆပ်ကစားသွားမှာပါ၊ ယူနိုက်တက်နဲ့ စာချုပ်ချုပ်ပြီးကတည်းက လေ့ကျင့်ရေးနည်းပြတွေက ပုံမှန်ဆက်သွယ်ပြီး ကျွန်တော့်ကို အကြံဉာဏ်ကောင်းတွေပေးခဲ့ပါတယ်" လို့ ဒီယာလိုက ပြောဆိုခဲ့ပါတယ်။ 


Author


က္က