မေလမှာ ပြန်လည်ဆပ်ရပါမယ်။
Kyaw Ko Ko Sint

မနှစ်က တင်ခဲ့တဲ့ ကြွေးမြီတွေကို ပြန်ဆပ်နိုင်ဖို့အတွက် အင်္ဂလန်ရဲ့ ကိုဗစ်အဓိက ချေးငွေထုတ်ပေးတဲ့ ဘဏ်ကနေ ချေးငွေရယူခဲ့တာ ဖြစ်ပြီး မေလမှာ ပြန်ဆပ်ရမှာပါ။

အင်္ဂလန်ကလပ် အာဆင်နယ်အသင်းဟာ ကိုဗစ်ကာလမှာ ဘဏ္ဍာရေး အသုံးစရိတ် အဆင်ပြေဖို့အတွက် ပေါင် သန်း ၁၂၀အထိ ကာလတို ချေးငွေနဲ့ ယူသုံးလိုက်ရတယ်လို့ BBC SPORTသတင်းဌာနက ဖော်ပြလာပါတယ်။



ဒီငွေတွေကို အင်္ဂလန်ရဲ့ ကိုဗစ်ကော်ပိုရိတ် ငွေကြေးထောက်ပံ့မှု ဘဏ်ရဲ့ သတ်မှတ်စံနှုန်းတွေအတိုင်း ကာလတို ချေးငွေနဲ့ ယူသုံးရခြင်းဖြစ်ပြီး ၂၀၂၁ခုနှစ် မေလမှာ အပြည့်အဝ ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ကိုဗစ် ပြန်လည်တည်ငြိမ်စအချိန်မှာ ပရိသတ်တွေ ကွင်းအတွင်း အစောဆုံး ဝင်ရောက် ခွင့်ပြုနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ်အသင်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်မှာ(အဓိကအားဖြင့်လန်ဒန်) ကိုဗစ် ကူးစက်မှု ပြန်လည်မြင့်တက်လာမှုကြောင့် တားဆီး ပိတ်ပင်မှုတွေ ချက်ခြင်းပြန်လုပ်ခဲ့ရပြီး ကွင်းကိုလည်း ပြန်ပိတ်စေခဲ့တာပါ။

“ဘောလုံး ကုမ္ပဏီတွေအကောင်းဆုံး ဆက်လက်လည်ပတ်နိုင်ဖို့အတွက် ကိုဗစ်ကာလမှာ အင်္ဂလန်ရဲ့ ဘဏ်က ချေးငွေကို ကာလတိုနဲ့ ထုတ်ချေးပေးပါတယ်။ဒါဟာ ဗြိတိသျှရဲ့ စီးပွားရေးကို သိသိသာသာ ထောက်ပံ့ပေးမှု လည်း ဖြစ်ပါတယ်။”လို့ အာဆင်နယ်အသင်းက ထုတ်ပြန်ပါတယ်။

ယခုထုတ်ချေးငွေကြောင့် အာဆင်နယ်အသင်းဟာ မနှစ်က သြဂုတ်လတုန်းက တင်ရှိခဲ့တဲ့ ကြွေးမြီတွေကို အချိန်မီ ပြန်လည်ဆပ်နိုင်တော့မယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၁နေရာရောက်နေပြီး ကျဆင်းနေတဲ့ အသင်းရဲ့ ခြေစွမ်းကို ပြန်လည်မြင့်တက်လာအောင် ယခု ဇန်နဝါရီစျေးကွက်မှာ လူအသစ်ခေါ်ယူမယ်လို့လည်း နည်းပြ အာတီတာက ပြောထားပါတယ်။

ဒါပေမယ့် အခုလို ကြွေးမြီတွေဆပ်ဖို့ ဘဏ်ကနေ ငွေချေးနေရတဲ့ ပုံစံနဲ့ဆိုရင် ဘယ်လိုခြေစွမ်းမြင့်ကစားသမားကို ဘယ်လိုစျေးပေးခေါ်မလဲဆိုတာကလည်း အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

လောလောဆယ်မှာတော့ ပေါင်တစ်သန်းတောင်မပြည့်တဲ့ ဟာသာဘာလင်က လူငယ် နောက်ခံလူတစ်ဦးကို ခေါ်ယူ ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က