ဒါဘီနည်းပြသစ်အဖြစ်တာဝန်ယူပြီး ကစားသမားဘဝက အနားယူခဲ့ပြီဖြစ်ပါတယ်။

ရွန်နီဟာ အင်္ဂလန်နဲ့ ယူနိုက်တက်တို့မှာ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး အောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့ပါတယ်။


အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းဂန္ထဝင်ကစားသမားဟောင်း ၀ိန်းရွန်နီဟာ ဒါဘီကောင်တီအသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူလိုက်ပြီဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အသက် ၃၅ နှစ်အရွယ် အင်္ဂလန်ကြယ်ပွင့်ဟောင်းဟာ ကစားသမားဘဝက အနားယူပြီလို့ မနေ့ကကြေညာခဲ့ပြီး နည်းပြဘဝကို လုံးလုံးလျားလျားကူးပြောင်းခဲ့ပြီလို့ BBC က ဖော်ပြခဲ့ပါတယ်။ 

ရွန်နီဟာ အင်္ဂလန်နဲ့ ယူနိုက်တက်တို့မှာ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး အောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့ပါတယ်။ ဒါဘီကောင်တီအသင်းမှာ ကစားသမားအဖြစ် ကစားနေစဉ်မှာ ကစားသမား/နည်းပြအဖြစ် တာဝန်ယူခဲ့ပြီးနောက် ယာယီနည်းပြအဖြစ် ရွန်နီက ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမြဲတမ်းနည်းပြအဖြစ် ဒါဘီက သူ့ကိုစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ 

"အဂ်လိပ်လေးတွေက လက်မောင်းခေါက်ပြီး သူတို့အခွင့်အရေးကို ရနိုင်သမျှအရယူပြီး နိုင်ငံကပေးအပ်တဲ့တာဝန်ကို အပြည့်အဝထမ်းဆောင်နေကြပါတယ်၊ ရုပ်သံတွေမှာ ဝင်ရောက်လုပ်ကိုင်ပြီး ငွေကြေးအများအပြားရနိုင်သူတွေတွေရှိပါတယ်၊ ကစားသမားတွေအကြောင်း ဒါမှမဟုတ် နည်းပြတွေအကြောင်းကို အသံလွှင့်ခန်းကနေပြောနေသူတွေလည်းရှိပါတယ်၊ ဗုဒ္ဓဟူးနေ့က ကျွန်တော် စတီဗင်နဲ့ စကားပြောဆိုခဲ့ပါတယ်၊ သူက သူငယ်ချင်းကောင်းတစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ နည်းပြလမ်းကြောင်းကို လျှောက်လှမ်းခဲ့သူပါ"

"ကျွန်တော်တို့က ကွဲပြားတဲ့နည်းလမ်းနဲ့ ပွဲကိုချဉ်းကပ်ခဲ့ကြပေမယ့် ကြုံတွေ့ရတဲ့အတွေ့အကြုံတွေကို ပြန်ပြောပြဖို့က အခက်အခဲမရှိပါဘူး" လို့ ရွန်နီကပြောဆိုခဲ့ပါတယ်။ "ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ မိနစ်တိုင်းပျော်ရွှင်ခဲ့ရပြီး ကြီးမြတ်တဲ့ဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်၊ ကျွန်တော်လွမ်းမိတာတွေလည်း ရှိပါတယ်၊ ဒါပေမယ့်လည်း ထူးခြားတဲ့အသင်းတွေမှာ ကစားခွင့်ရခဲ့လို့ ကျွန်တော်ကံကောင်းခဲ့ပါတယ်"

"ကလေးဘဝအိပ်မက်ဖြစ်တဲ့ အဲဗာတန်အသင်းအတွက်ကစားပေးခဲ့ရပြီး အဲဒီကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး ၁၃ နှစ်ကြာကစားပေးခဲ့ပါတယ်၊ ယူနိုက်တက်က ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းအဖြစ်ရှိနေဆဲဖြစ်ပြီး ဆုဖလားတွေလည်းအများကြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်၊ ဒါတွေကို ကျွန်တော်အမြဲတမ်းတန်ဖိုးထားသွားမှာပါ" လို့ ထပ်ပြောခဲ့ပါတယ်။ 

ဒါဘီကောင်တီကတော့ ရွန်နီကို ၂နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာ ချန်ပီယံရှစ်အဆင့် ၂၂ မှာ ရပ်တည်နေရပါတယ်။ ဒါကြောင့် ရွန်နီအနေနဲ့ အသင်းကို တန်းမဆင်းရရေးအတွက် ကြိုးစားပေးရမှာဖြစ်ပြီး သူ့ရဲ့ အမြဲတမ်းနည်းပြဘဝကို အကောင်းဆုံးစွမ်းဆောင်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 



က္က