ယူနိုက်တက်ကတော့ ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။
Pyae Phyo Thein

အဝေးကွင်းမှာ ရှုံးပွဲမရှိတာ တစ်နှစ်ကျော်သွားခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်ဟာ မနေ့ညကပွဲမှာလည်း ထုံးစံအတိုင်း နောက်ကလိုက်ကစားပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ အဝေးကွင်းရလဒ်ကောင်းမွန်နေမှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ဖူလ်ဟမ်ကို အနိုင်ယူကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်သွားခဲ့ပါတယ်။ အဝေးကွင်းမှာ ရှုံးပွဲမရှိတာ တစ်နှစ်ကျော်သွားခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်ဟာ မနေ့ညကပွဲမှာလည်း ထုံးစံအတိုင်း နောက်ကလိုက်ကစားပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။



ဖူလ်ဟမ်အတွက် လွတ်ခ်မန်းက ပွဲအစ ၅ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီသွင်းဂိုးကိုတော့ ကာဗာနီက ဖူလ်ဟမ်ဂိုးသမားအာရီယိုလာရဲ့ ကာကွယ်ပုံပေါ့ဆတာကတဆင့် အနီးကပ်ပိတ်သွင်းယူပြီး ချေပပေးခဲ့ပါတယ်။ ယူနိုက်တက်က ဖူလ်ဟမ်ကို ကစားကွက်အသာစီးနဲ့ တောက်လျှောက်ဖိကစားနေခဲ့ပေမယ့် တိုက်စစ်ပိုင်းအားနည်းချက်တွေကြောင့် ဂိုးရဖို့တော့ ခက်နေခဲ့ပါတယ်။ 

၆၅ မိနစ်မှာ ပေါ့ဂ်ဘာက ဧရိယာထောင့်စွန်းနားလောက်ကနေ ဘယ်ခြေနဲ့ လှလှပပကန်သွင်းပြီး အနိုင်ဂိုးရယူပေးခဲ့ပါတယ်။ ယူနိုက်တက်အတွက် တောက်လျှောက်ခြေစွမ်းပြနေတဲ့ ပေါ့ဂ်ဘာဟာ ဖူလ်ဟမ်နဲ့့ပွဲမှာလည်း ထပ်မံခြေစွမ်းပြခဲ့ပြီး အသင်းအတွက် အဖိုးတန်နိုင်ပွဲကို ရယူပေးနိုင်ခဲ့ပြီး ရာသီဝက်ချန်ပီယံအဖြစ်နဲ့ ယူနိုက်တက်တို့ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ BT Sports ကတဆင့် ဆိုးလ်ရှားက "ပေါ့ဂ်ဘာက ဘာမဆိုလုပ်ပြနိုင်တယ်လို့ ကျွန်တော်တို့အမြဲတမ်းပြောနေကျပါ၊ တောင်ပံထွက်ကစားနိုင်တယ်၊ ကွင်းလယ်ဗဟိုမှာလည်းကစားနိုင်တယ်၊ အခွင့်အရေးတွေဖန်တီးနိုင်ပြီး ဂိုးလည်းသွင်းယူနိုင်တယ်၊ ဒီနေ့ပွဲမှာဆိုရင် သူ့ကို ကွင်းလယ်မှာ ကစားစေခဲ့ပြီး သူက ဘယ်ခြေနဲ့ အံ့မခန်းသွင်းဂိုးကို ရယူသွားခဲ့ပါတယ်"

"တောင်ပံမှာရော၊ ကွင်းလယ်မှာပါ ကစားနိုင်တာက သူ့ရဲ့ အားသာချက်ပါပဲ၊ သူက ပွဲကစားဖို့အတွက်လည်း ကြံ့ခိုင်မှုအပြည့်အဝဖြစ်နေပြီး ကောင်းကောင်းပြေးလွှားနိုင်ခဲ့ပါတယ်၊ သူကစားတာ အရမ်းကောင်းမွန်ပါတယ်" လို့ ချီးကျူးခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ဘန်လေနဲ့ပွဲမှာလည်း အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့သူူဖြစ်ပြီး ဒီနေ့မှာလည်း သူ့ရဲ့သွင်းဂိုးနဲ့ အဖိုးတန်သုံးမှတ်ကို ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ 


Author


က္က