ဘောလုံးရာသီက မပြီးဆုံးသေးတာကြောင့် ပေါ့ဂ်ဘာက အသင်းဖော်တွေကို စိတ်ကြီးမဝင်ဖို့ သတိပေးခဲ့ပြီး သူတို့လုပ်ရမယ့် အလုပ်တွေမပြီးဆုံးသေးဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။
အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူပေါ့ဂ်ဘာက အသင်းဖော်တွေအနေနဲ့ စိတ်ကြီးမဝင်ဖို့ သတိပေးပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး ၂မှတ်အသာစီးရရှိထားကာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ရာသီဝက်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
"သေချာတာကတော့ ပြီးခဲ့တဲ့ရာသီကထက် ကျွန်တော်တို့ပိုပြီးကောင်းမွန်လာတယ်ဆိုတာပါ၊ အမှတ်ပေးဖလားရဖို့က ခက်ခဲပါတယ်၊ အမှတ်ပေးဇယားထိပ်မှာရပ်တည်ဖို့က ခက်ခဲပြီး မြဲမြဲရှိနေဖို့က ပိုပြီးခက်ခဲပါတယ်" လို့ ပေါ့ဂ်ဘာက ပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ ဖူလ်ဟမ်ကိုအနိုင်ရခဲ့တာဟာ ယူနိုက်တက်အတွက်တော့ ဒီရာသီမှာ နောက်ကလိုက်ကစားပြီး အနိုင်ရခဲ့တာ ၇ ပွဲအထိ ရှိလာခဲ့တာလည်းဖြစ်ပါတယ်။
ဒီရာသီမှာတော့ ပေါ့ဂ်ဘာက အသင်းအတွက် ပရီးမီးယားလိဂ်မှာ ၃ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့တစ်ရာသီလုံးမှာ သွင်းဂိုးတစ်ဂိုးတည်းရရှိခဲ့တဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းအမှတ်ပေးဖလား ရရှိဖို့အတွက် အားကိုးရမယ့်ကစားသမားအဖြစ် သတ်မှတ်ခံနေရပြီလည်းဖြစ်ပါတယ်။