အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ယူနိုက်တက် နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်ကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ အနိုင်ရဖို့အတွက် နှစ်သင်းစလုံး အဓိကကစားသမားအများစုကို ပွဲထုတ်ခဲ့ကြသလို တိုက်စစ်ဖွင့်ကစားခဲ့ကြလို့လည်း ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ ခြားနားခဲ့ပြီး ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။
ပွဲစစချင်းမှာ လီဗာပူးလ်က ကစားကွက်အနည်းငယ်အသာစီးရခဲ့သလို ဘောလုံးပိုင်ဆိုင်မှုလည်း အသာရခဲ့ပါတယ်။ ယူနိုက်တက်ကလည်း အိမ်ကွင်းမှာ လျင်မြန်တဲ့တိုက်စစ်ကစားပုံနဲ့ လီဗာပူးလ်ကို ပြန်ဖိအားပေးခဲ့လို့ အပြန်အလှန်ထိုးဖောက်နိုင်ခဲ့ကြပြီး လီဗာပူးလ်က ဆာလာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိုးကတော့ ယူနိုက်တက်ခံစစ်ပိုင်းက လုခ်ရှောနဲ့ လင်ဒီလော့ဖ်တို့ အားနည်းခဲ့တာကြောင့် လီဗာပူးလ်တို့ ရရှိခဲ့တာဖြစ်ပါတယ်။
ဆာလာရဲ့ ဦးဆောင်ဂိုးကိုတော့ ပထမပိုင်းမပြီးခင်မှာပဲ ယူနိုက်တက်တို့ ပြန်ချေပနိုင်ခဲ့ပါတယ်။ ဂိုးပေးရပြီးနောက် ယူနိုက်တက်က ပွဲကိုပြန်စိုးမိုးခဲ့ရာမှာ ကာဗာနီရဲ့ လိုက်လံဖျက်ထုတ်မှုကနေ ရက်ရှ်ဖို့ဒ်ဘောလုံးရခဲ့ပြီး ဂရင်းဝုဒ်ဆီကို လှလှပပပေးပို့ခဲ့ရာမှာ ညာခြေနဲ့ အပိုင်ပိတ်သွင်းနိုင်ခဲ့လို့ ချေပဂိုးပြန်ရခဲ့ပြီး ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာခင်မှာတော့ ယူနိုက်တက်တို့ ဦးဆောင်ဂိုးပြန်ရခဲ့ပါတယ်။
ဒီဂိုးကလည်း ချေပဂိုးပုံစံအတိုင်းဖြစ်ပြီး ဂရင်းဝုဒ်ရဲ့ဖြတ်တင်ပေးပို့မှုကို ဝီလျံဖျက်ထုတ်မှုမသေသပ်ခဲ့လို့ ရက်ရှ်ဖို့ဒ်ဆီရောက်ခဲ့ပြီး ညာခြေနဲ့အပိုင်ပိတ်သွင်းကာ ဦးဆောင်စေခဲ့တာပါ။ ဒီနောက်မှာ လီဗာပူးလ်တိုက်စစ်ပြန်မြှင့်လာခဲ့ပြီး ယူနိုက်တက်ဘက်က အမှားအယွင်းတွေရှိလာခဲ့ပါတယ်။ မက်ဂွိုင်းယားရဲ့ ပေးပို့မှုအားနည်းပုံကနေ ဘောလုံးပျက်ခဲ့ရာက လီဗာပူးလ်တိုက်စစ်ဆင်ခဲ့ပြီး ဆာလာကပဲ ဧရိယာထဲကနေ အပိုင်ပိတ်သွင်းပြီး ချေပပေးခဲ့တာပါ။
ဒီဂိုးကိုတော့ လီဗာပူးလ်တို့ ပြန်လည်ချေပနိုင်ခဲ့ခြင်းမရှိတော့လို့ အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ ကာဗာနီရဲ့ အပိုင်ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့လို့ လီဗာပူးလ်တို့ သက်သာရာရခဲ့ပါတယ်။ ကလော့ပ်အတွက်လည်း ပြိုင်ပွဲစုံငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရပြီး ရလဒ်ဆိုးတွေအောက်မှာ ဆက်လက်ရှိနေခဲ့ရပါတယ်။