အက်ဖ်အေဖလား စတုတ္ထအဆင့်ကို ကစားခဲ့ကြတာပါ။
Pyae Phyo Thein

ရက်ရှ်ဖို့ဒ်ရဲ့ လှပတဲ့ ပေးပို့မှုကို ဂရင်းဝုဒ်က ရင်ဘတ်နဲ့တစ်ချက်ထိန်းခဲ့ပြီး ဧရိယာထဲဆွဲပြေးချိန်မှာ လီဗာပူးလ်နောက်ခံလူရောဘတ်ဆန်က လို်က်လံဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်။


မနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ ယူနိုက်တက်က လီဗာပူးလ်ကို ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဂိုးတွေလည်း အပြန်အလှန်သွင်းခဲ့ကြလို့ စိတ်လှုပ်ရှားစရာကောင်းခဲ့ကာ ယူနိုက်တက်က လူစားဝင်လာတဲ့ ဖာနန်ဒက်စ်ရဲ့ အလွတ်တည်ကန်ဘောသွင်းယူမှုနဲ့ အနိုင်ရရှိပြီး နောက်တဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ 



နှစ်သင်းစလုံးက ဦးဆောင်ဂိုးတွေကို ကိုယ်စီသွင်းယူနိုင်ခဲ့ကြပြီး ချေပဂိုးတွေလည်း ရအောင်ပြန်သွင်းနိုင်ခဲ့ကြပါတယ်။ ပထမပိုင်းမှာ ဆာလာရဲ့ ဦးဆောင်ဂိုးနဲ့ လီဗာပူးလ်တို့ ပွဲကိုလွှမ်းမိုးထားနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာပဲ ဂရင်းဝုဒ်က ပြန်လည်ချေပသွားခဲ့လို့ တစ်ဂိုးစီသရေဖြစ်ခဲ့ပြီး ပွဲအရှိန်က ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ကာ နောက်ထပ်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။ 

ဂရင်းဝုဒ်ရဲ့ ချေပဂိုးသွင်းယူမှုကတော့ ပွဲအပြီးပြောချင်စရာ အဖြစ်အပျက်တစ်ခုအဖြစ်နဲ့ ရှိလာခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ လှပတဲ့ ပေးပို့မှုကို ဂရင်းဝုဒ်က ရင်ဘတ်နဲ့တစ်ချက်ထိန်းခဲ့ပြီး ဧရိယာထဲဆွဲပြေးချိန်မှာ လီဗာပူးလ်နောက်ခံလူရောဘတ်ဆန်က လို်က်လံဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ခြေလှမ်းဦးနေပြီဖြစ်တဲ့ ဂရင်းဝုဒ်က အသာစီးရသွားခဲ့ပြီး စိတ်ကြိုက်ကန်သွင်းခွင့်ပါ ရရှိခဲ့ပါတယ်။

ဂရင်းဝုဒ်ကန်သွင်းဖို့ကြိုးစားနေချိန်မှာတော့ ရောဘတ်ဆန်ဟာ နောက်ဆုံးသောကြိုးပမ်းမှုအဖြစ် ပြိုင်ဘက်ကို အာရုံပျက်ပြားစေဖို့ အော်ဟစ်ကာ အသံပေးခြောက်လှန့်သွားခဲ့ပါတယ်။ ဒီမြင်ကွင်းကို ရုပ်သံကင်မရာတွေက အမိအရရိုက်ကူးနိုင်ခဲ့ပြီး ရောဘတ်ဆန် အော်ဟစ်ကာ ခြောက်လှန့်မှုကလည်း အထင်းသားရှိနေခဲ့ကာ ချက်ချင်းလိုလိုပဲ လူမှုကွန်ရက်တွေပေါ်မှာ ပြန့်နှံ့သွားခဲ့ပါတယ်။ 

ရောဘတ်ဆန်အနေနဲ့ အသင်းဂိုးမပေးရဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားခဲ့တာဖြစ်ပေမယ့်လည်း ဂရင်းဝုဒ်က အမှားအယွင်းမရှိကန်သွင်းယူသွားခဲ့ပါတယ်။ တကယ်လို့သာ ရောဘတ်ဆန်ရဲ့ အသံနဲ့ ဖိအားပေးခြောက်လှန့်မှုက အသုံးဝင်ခဲ့မယ်ဆိုရင်တော့ ပွဲအခြေအနေကပြောင်းလဲသွားနိုင်တဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က