အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ လမ်းပတ်အပေါ်မှာ အခုလိုပြုမူခဲ့တာဟာ လေးစားမှုကင်းမဲ့ခဲ့တာလို့လည်း ဝေဖန်မှုတွေရှိလာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းနည်းပြလမ်းပတ်ကို ရာထူးကထုတ်ပယ်ခဲ့ပြီးနောက် အသင်းလေ့ကျင့်ရေးကွင်းကို သွားရောက်ဖို့ ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် လမ်းပတ်ဟာ ကစားသမားတွေကို နှုတ်ဆက်ခွင့်မရရှိခဲ့ဘဲ အသင်းကနေ ထွက်ခွာခဲ့ရတယ်လို့ Sky Sports ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
လမ်းပတ်ဟာ မနေ့ကပဲ ချယ်လ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ လူတန်တောင်းကိုအနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲအပြီးမှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ချယ်လ်ဆီးအသင်းက ညနေပိုင်းမှာ တရားဝင်အတည်ပြုကြေညာခဲ့ကာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတယ်လို့လည်း ရေးသားထုတ်ပြန်ခဲ့ပါတယ်။
ဒီနောက်မှာတော့ အသင်းလေ့ကျင့်ရေးကွင်းကို သွားဖို့ကို ပိတ်ပင်ခဲ့သလို ကစားသမားတွေကို နှုတ်ဆက်ဖို့လည်း လမ်းပတ်က အခွင့်မရခဲ့ဘူးလို့ သိရပါတယ်။ ချယ်လ်ဆိးလေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကော့ဘ်ဟမ်းကတဆင့် Sky Sports က ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမှာလည်း ဒီအကြောင်းကို ပြောဆိုခဲ့ပြီး လန်ဒန်ကလပ်ရဲ့ လုပ်ရပ်အပေါ် ပရိသတ်တချို့က ဒေါသထွက်နေတယ်လို့ သိရပါတယ်။
အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ လမ်းပတ်အပေါ်မှာ အခုလိုပြုမူခဲ့တာဟာ လေးစားမှုကင်းမဲ့ခဲ့တာလို့လည်း ဝေဖန်မှုတွေရှိလာခဲ့ပါတယ်။ လမ်းပတ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ဘဲ အသင်းနဲ့ ပရိသတ်တွေအတွက် နှုတ်ဆက်စာတစ်စောင်ကို ရေးသားကာ အရာရာတိုင်းအတွက် ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။