ယူနိုက်တက်ကို ရောက်ရှိလာတဲ့အချိန်ကစပြီး ပင်နယ်တီဂိုးပေါင်း ၁၅ဂိုးလောက် သွင်းထားပါတယ်။
Kyaw Ko Ko Sint

ဖာနန်ဒက်စ်ဟာ မနှစ်က စတင်ပြီး ယူနိုက်တက်ကို ရောက်ရှိလာပြီးနောက် ပင်နယ်တီကတဆင့် စုစုပေါင်း ၁၅ဂိုး အထိ ရယူပေးထားနိုင်ပြီ ဖြစ်ပါတယ်။

ယခုနှစ်အပိုင်းတွေမှာ မန်ချက်စတာယူနိုက်တက်အသင်း ကစားတဲ့ပွဲတွေတိုင်း ပင်နယ်တီရပြီဆိုတာနဲ့ ဒိုင်ခံ ကန်သွင်းနေတာကတော့ ပေါ်တူဂီ ကစားသမား ဘရူနိုဖာနန်ဒက်စ်ပဲ ဖြစ်ပါတယ်။



အရင်က ယူနိုက်တက်ရဲ့ ပင်နယ်တီကို ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့က တာဝန်ယူထားပေမယ့်လည်း ၁၂ကိုက်စည်း အတွင်းက ဝင်အောင်ကန်သွင်းနိုင်မှုကိုတော့ ဖာနန်ဒက်စ်က အကောင်းဆုံး လွှဲပြောင်းရယူထားနိုင်သူပါ။

ဒါကြောင့်လည်း ဖာနန်ဒက်စ်ကို ပြိုင်ဖက် အသင်းပရိသတ်တွေက ချစ်စနိုးနဲ့ ပင်နယ်ဒက်စ်နဲ့ စနောက် ခေါ်ဝေါ်နေ ကြပါတယ်။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ ဖာနန်ဒက်စ်ဟာ ယခင် ယူနိုက်တက်နဲ့ ရီးရဲ  ကစားသမားဟောင်း လက်ရှိ ဂျူဗင်တပ်အသင်းမှာကစားနေတဲ့ အသင်းဖော် စီနီယာကစားသမားကြီး ရော်နယ်ဒိုရဲ့ ခြေရာကို ထပ်ချပ် မကွာ လိုက်မီနေတာပါပဲ။

ရော်နယ်ဒိုကို ရီးရဲမှာ ရှိစဥ်တုန်းကလည်း ပြိုင်ဖက် ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေက ပင်နယ်ဒိုဆိုပြီး စနောက် ခေါ်ဝေါ်လေ့ရှိခဲ့ဖူးတာပါ။

အလားတူပဲ ယခုအခါ ဂျူဗင်တပ်ကိုရောက်တော့လည်း ရော်နယ်ဒိုဟာ ပင်နယ်တီကန်သွင်းခွင့်အပြည့်ရထားတာ ကြောင့် ဒီနာမည်ပြောင်ဟာ ဆက်လက် တည်တံ့နေဆဲပါပဲ။

ဖာနန်ဒက်စ်အကြောင်းပဲ ဆက်ပြောရရင် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို စတင်ရောက်ရှိတဲ့ ရာသီမှာပြိုင်ပွဲစုံ ၂၂ ပွဲကစားပြီး ၁၂ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

အဆိုပါသွင်းဂိုးတွေထဲက ၃ပုံ၂ပုံနဲ့ ညီမျှတဲ့ ၈ဂိုးဟာ ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့တာပါ။ အဆိုပါ နှစ်မှာ ပရီး မီးယားလိဂ် သွင်းဂိုးက ၈ဂိုးအထိရှိခဲ့ပြီး တစ်ဝက်က ပင်နယ်တီကနေသွင်းယူခဲ့တာပါ။ အက်ဖ်အေဖလားပွဲမှာ ချဲလ် ဆီးနဲ့ပွဲသွင်းခဲ့တဲ့ဂိုးအပါအဝင် ယူရိုပါလိဂ်မှာသွင်းခဲ့တဲ့ ၃ဂိုးစလုံးဟာလည်း ပင်နယ်တီကတဆင့် သွင်းယူခဲ့တာတွေ သာ ဖြစ်ပါတယ်။

၂၀၂၀တုန်းကဆိုရင် ပေါ်တူဂီ လူမျိုး နည်းပြကြီး မော်ရင်ဟိုကိုယ်တိုင်က ကမ္ဘာ့အကောင်းဆုံး ပင်နယ်တီ ကန်သွင်းနိုင်သူဟာ ဖာနန်ဒက်စ်ပင် ဖြစ်တယ်လို့ ရီစရာအဖြစ် ပြောခဲ့ဖူးပါသေးတယ်။

ဖာနန်ဒက်စ်ကိုယ်တိုင်ကလည်း - “ပင်နယ်တီဆိုတာ ပြိုင်ပွဲတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ပင်နယ်တီအကြောင်း အများကြီးတော့ မပြောနိုင်ပေမယ့် ဂိုးသွင်းဖို့ပဲလိုတာပါ။အဲ့ဒီအတွက် အခွင့်အရေးရဖို့လည်း လိုပါသေးတယ်။ အဲ့ အပေါ်မှာ ဝင်အောင်လည်း သွင်းနိုင်ရပါမယ်။”လို့ ဖာနန်ဒက်စ်က ပြောခဲ့ဖူးပါသေးတယ်။

လူအများအမြင်မှာ ပင်နယ်တီဟာ လွယ်လွယ်လေးလို့ ထင်နေကြမှာ သိပေမယ့် တကယ်တမ်းတော့ ပင်နယ်တီ ကြောင့်ပဲ ဗိုလ်လုပွဲတွေမှာ ရှုံးပွဲတွေ ရင်ဆိုင်ခဲ့ရသူတွေ ထုနဲ့ဒေးပါ။

ဥပမာအားဖြင့် ၂၀၀၈ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းဟာ ပင်နယ်တီတစ်လုံးဝင်တာနဲ့ ချန်ပီယံ ဖြစ်မှာ ဖြစ်ပေမယ့် ဂျွန်တယ်ရီလွဲချော်လို့ ပြန်ကန်ခဲ့ရရာမှာ ယူနိုက်တက်က အနိုင်ရခဲ့ဖူးပါတယ်။

အလားတူ ၂၀၁၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ဘိုင်ယန်ဟာ ပွဲချိန်အတွင်း ချဲလ်ဆီးကို အနိုင်မကစားနိုင်လို့ ပင်နယ်တီမှာ အရေးနိမ့်ပြီးချန်ပီယံဆုကို လွဲချော်ခဲ့ရဖူးပါတယ်။

အခြားသော သာဓကတွေလည်း များစွာရှိနေခဲ့တာကြောင့် ပင်နယ်တီဟာ လွယ်ကူတဲ့ အခွင့်အရေး တစ်ရပ်တော့ မဟုတ်ဘူးဆိုတာ အသေအချာပါပဲ။

မည်သို့ပင် ဆိုစေကာမူ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမားကောင်းတစ်ဦးပီပီ ယခုနှစ် မှာလည်း ပရီးမီးယားလိဂ် ပွဲ ၂၀မှာ ၁၁ဂိုးထိသွင်းယူပေးထားနိုင်ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ် အုပ်စုတွင်းတုန်းကလည်း ၆ပွဲလုံး ပါဝင်ကစားနိုင်ကာ ၄ဂိုးအထိသွင်းယူပေးထားနိုင်ပေမယ့် ယခုနှစ် သူ့ရဲ့ သွင်းဂိုးတွေထဲမှာ ပင်နယ်တီကတဆင့် ၇လုံးအထိ ပါဝင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က