ဖာနန်ဒက်စ်က ဟက်ထရစ်၊ ပေါ့ဂ်ဘာက ၄ကြိမ်အထိ ဖန်တီးပေးခဲ့ပါတယ်။

စနေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့ အစောဆုံးပွဲမှာတော့ ယူနိုက်တက်ဟာ လိဒ်ယူနိုက်တက်ကို ဂိုးပြတ်နိုင်ပွဲနဲ့အတူ အဖွင့်လှသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်တို့ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ ယူနိုက်တက်ဟာ ပြိုင်ဘက်အသင်းကို ဂိုးပြတ်ချေမှုန်းခဲ့ပြီး ရာသီသစ်ကို အလှပဆုံးနဲ့ဖွင့်လှစ်နိုင်ခဲ့ကာ ပရိသတ်တွေကိုလည်း အိုးထရက်ဖို့ဒ်ကွင်းကြီးထဲ အပြည့်အဝပျော်ရွှင်ခွင့်ပေးခဲ့ပါတယ်။ 

ကစားသမားသစ်ဆန်ချိုကို အရန်လူစာရင်းမှာထားပြီး ဗာရာနီကို မိတ်ဆက်ပွဲတပါတည်း လုပ်ပေးခဲ့တဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက အသုံးပြုခဲ့တဲ့ လူစာရင်းကိုပဲ အခြေခံကာ ပွဲထွက်လာခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး လိဒ်ကလည်း ခြေရည်တူပုံစံကို ပြသခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ယူနိုက်တက်က ကစားကွက်စီးလာခဲ့ပြီး မိနစ် ၃၀ မှာ ဖာနန်ဒက်စ်က အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။


အဆိုပါဂိုးနဲ့ ပထမပိုင်းကို ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပြီးတော့ ဒုတိယပို်င်းပြန်စပြီး သိပ်မကြာခင်မှာပဲ လိဒ်က ပြန်လည်ချေပခဲ့ကာ အာလင်းက သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးသွင်းယူပြီးနောက် ပွဲဟာ အံ့အားသင့်စရာအဖြစ် ရလဒ်တွေပြောင်းလဲသွားခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပြသွင်းဂိုး၊ ပေါ့ဂ်ဘာရဲ့ မှော်ဝင်နေတဲ့ ဖန်တီးမှုတွေနဲ့ ယူနိုက်တက်ဟာ ဂိုးတွေဆက်တိုက်ရရှိခဲ့ပါတယ်။ 

၅၂ မိနစ်မှာ ပေါ့ဂ်ဘာရဲ့ အကွက်မြင်မြင်ပေးမှုကနေ ဂရင်းဝုဒ်က ဆွဲပြေးကာ ကန်သွင်းယူခဲ့တဲ့ ဂိုး၊ ၅၄ မိနစ်မှာ ပေါ့ဂ်ဘာဖန်တီးပေးမှုကနေပဲ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးနဲ့ ယူနိုက်တက်တို့ ဂိုးတွေဆက်တိုက်ရခဲ့ပြီး မိနစ် ၆၀ မှာ လင်ဒီလော့ဖ်ဖန်တီးပေးမှုကနေ ဖာနန်ဒက်စ်က ဟက်ထရစ်ဂိုးအဖြစ်၊ အသင်းအတွက် လေးဂိုးမြောက်အဖြစ်သွင်းယူပေးခဲ့ကာ ဒီပွဲကို အနိုင်သေချာစေခဲ့တာဖြစ်ပါတယ်။ 

၆၈ မိနစ်မှာတော့ ပေါ့ဂ်ဘာရဲ့ ပေးပို့မှုကနေပဲ ဖရက်ဒ်က ၅ ဂိုးမြောက်သွင်းဂိုး ရရှိသွားခဲ့ကာ ယူနိုက်တက်တို့ ၅-၁ နဲ့ ဂိုးပြတ်နိုင်ပွဲရသွားခဲ့ပါတယ်။ ဒီနောက်မှာ ဆိုးလ်ရှားက ကစားသမားသစ်ဆန်ချိုကို ပွဲွထွက်စေခဲ့ပြီး ပရိသတ်တွေဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့ အတွဲအဖက်ညီညီခြေစွမ်းပြမှုတွေနဲ့ ရာသီအဖွင့်ပွဲမှာတင် ဂိုးပြတ်နိုင်ပွဲရရှိခဲ့ကာ ပြိုင်ဘက်တွေကိုပါ ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ 



က္က