ချန်ပီယံရှစ်ပလေးအော့ဗိုလ်လုပွဲကို ကစားတော့မှာပါ။
Pyae Phyo Thein

မနက်ဖြန်နံနက် မြန်မာစံတော်ချိန် ၁း၁၅ နာရီမှာဆိုရင် ဖူလ်ဟမ် နဲ့ ဘရက်ဖို့ဒ်တို့ရဲ့ ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲကို ကစားတော့မှာဖြစ်ပါတယ်။ အားလုံးသိထားကြပြီးတဲ့အတိုင်းပါပဲ။ ချန်ပီယံရှစ်ပလေးအော့ဗိုလ်လုပွဲက ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံးပွဲစဉ်ဖြစ်နေတာကြောင့် သက်ဆိုင်ရာအသင်းနှစ်သင်းအတွက်တော့ တော်တော်လေးကို ကြီးမားတဲ့အကျိုးသက်ရောက်မှုကို ခံစားရမှာဖြစ်ပါတယ်။

ဒီပွဲစဉ်ကို အနိုင်ရတဲ့အသင်းဟာ ပေါင်သန်း ၁၇၀ အထိ ရရှိမှာဖြစ်လို့လည်း တန်ဖိုးအကြီးမားဆုံးပွဲလို့ ဆိုစမှတ်ပြုတာပါ။ တန်းတက်ခွင့်ရတာနဲ့တစ်ပြိုင်နက် အဆိုပါငွေကြေးပမာဏကို ပိုင်ဆိုင်မှာဖြစ်ပေမယ့်လည်း ၃ နှစ်တာကာလအတွင်း အရစ်ကျခွဲဝေရရှိမှာပါ။ အသင်းငယ်လေးတွေရဲ့ ဘဏ္ဍာရေးဟန်ချက်ညီဖို့ လုံးခနဲမပေးဘဲ ခွဲဝေပေးတာဖြစ်ပါတယ်။ 

တန်းတက်ခွင့်ရပြီးတော့ ပထမဆုံးပါဝင်ယှဉ်ပြိုင်ရတဲ့ ရာသီမှာ တန်းမဆင်းခဲ့ဘူးဆိုရင်တော့ သူတို့ရရှိမယ့် ပမာဏဟာ ပေါင်သန်း ၃ဝဝအထိ တိုးပွားလာမှာဖြစ်ပါတယ်။ ရုပ်သံထုတ်လွှင့်ခ၊ အဆင့်ရပ်တည်မှုအရ ရရှိမယ့် ဆုကြေးတွေပါဝင်လာမှာဖြစ်ပြီး အသင်းငယ်လေး တစ်သင်းအတွက်တော့ တော်တော်လေးကို များပြားတဲ့ ငွေကြေးပမာဏလည်းဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီမှာ ပလေးအော့အဆင့်ကနေ ပရီးမီးယားလိဂ်ကို ရောက်ရှိခဲ့ပြီး တန်းဆင်းရမယ့်အရေးကို ရှောင်လွှဲနိုင်ခဲ့တဲ့ ဗီလာဟာ တစ်နှစ်ကို ပေါင်သန်း ၁၀၀ နှုန်းနဲ့ ၃နှစ်အတွင်းမှာ အဆိုပါငွေကြေးကို ရရှိမှာဖြစ်ပါတယ်။ The Independent ကတော့ ငါးနှစ်အတွင်းမှာ ရရှိမယ်လို့ ရေးသားထားပြီး Sky Sports ကတော့ ၃ နှစ်အတွင်းလို့ ရေးသားပါတယ်။ 

ဒါကို Parachute payment လို့ ခေါ်တွင်ပြီးတော့ တန်းဆင်းသွားရတဲ့အသင်းတွေအတွက် နစ်နာမှု ဒါမှမဟုတ် လျော်ကြေးသဘောမျိုး ပြန်လည်ခွဲဝေပေးတာလို့ဆိုပါတယ်။ ဒီလိုရရှိမယ့် ငွေကြေးဟာ ချန်ပီယံရှစ်မှာဗိုလ်စွဲပြီး တန်းတက်ခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းရရှိမယ့် ပမာဏထက် အနည်းငယ်များပြားပါတယ်။ လိဒ်ယူနိုက်တက်ဟာ ပေါင်သန်း ၁၆၀ အထိ ၃ နှစ်အတွင်းရရှိမယ်လို့ သိရပါတယ်။ 

ဒါကြောင့် ဖူလ်ဟမ် နဲ့ ဘရက်ဖို့ဒ်တို့ရဲ့ ချန်ပီယံရှစ်ပလေးအော့ပွဲစဉ်ဟာ တန်ကြေးအားဖြင့် အနည်းဆုံးပေါင်သန်း ၁၇၀ အထိ ရှိနေပြီး ချက်ချင်းလိုလိုတန်းမဆင်းခဲ့ရဘူးဆိုရင်တော့ ပေါင်သန်း ၃၀၀ အထိ တိုးပွားလာနိုင်မှာဖြစ်လို့ မက်မောလောက်ဖွယ်ရာခံစားခွင့်တွေက တွန်းအားအဖြစ်ရှိနေခဲ့ပါပြီ။ ဒါကြောင့်လည်းပဲ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံးပွဲဖြစ်တယ်လို့ တစ်ညီတစ်ညွှတ်တည်းသတ်မှတ်ထားကြတာဖြစ်ကြောင်းပါ။ 


Author


က္က