ချယ်ဆီးအသင်းဟာ အေစီမီလန်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ဟီဂူအင်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပြီလို့ စပိန်က သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဆာရီနဲ့ ဟီဂူအင်တို့ဟာ နာပိုလီအသင်းမှာ အတူတူအလုပ်လုပ်ခဲ့ကြဖူးသူတွေဖြစ်ပြီး ဟီဂူအင်ကို ဆာရီက ယနေ့အထိ သဘောကျနေဆဲဖြစ်ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချယ်ဆီးအသင်းရဲ့တိုက်စစ်ကို အင်အားဖြည့်တင်းလိုနေတဲ့ နည်းပြမူရီဇီယိုဆာရီဟာ အေစီမီလန်တိုက်စစ်မှူး ဟီဂူအင်ကို အဓိကပစ်မှတ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
ဟီဂူအင်ဟာ ဆာရီ နာပိုလီကို ကိုင်တွယ်ခဲ့စဉ်က ဆာရီရဲ့လက်အောက်မှာ သွင်းဂိုး ၃၇ အထိ ၂၀၁၅-၂၀၁၆ ရာသီမှာ သွင်းယူခဲ့ပြီး စီးရီးအေစံချိန်ကို ရိုက်ချိုးနိုင်ခဲ့သူဖြစ်ပါတယ်။ Marca ရဲ့ဖော်ပြချက်အရ ဟီဂူအင်နဲ့ ဆာရီတို့နှစ်ဦးဟာ ပြန်လည်ပေါင်းစည်းတော့မှာဖြစ်ပြီး ချယ်ဆီးရဲ့ကမ်းလှမ်းမှုကို ဟီဂူအင်က ခေါင်းညိတ်လိုက်တာနဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ပြီလို့ သိရပါတယ်။
အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုဟာ လာမယ့်နာရီပိုင်းအတွင်း အပြီးသတ်နိုင်ဖွယ်ရှိပြီး ချယ်ဆီးအသင်းက ဟီဂူအင်ကို လာမယ့်နွေရာသီမှာ အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူတော့မှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းအနေနဲ့လာမယ့်နွေရာသီမှာ ပေးချေရမယ့် ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ အပြင် ဟီဂူအင်ရဲ့မြင့်မားတဲ့လစာပမာဏကိုလည်း ပေးချေလိုနေတယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟီဂူအင်ဟာ အေစီမီလန်အသင်းမှာ အငှားနဲ့ ကစားနေသူဖြစ်ပြီး ယခုရာသီမှာ ပွဲ ၂၀ ကစားပြီး ၈ ဂိုးသာသွင်းယူထားနိုင်တဲ့အတွက် ပုံစံကောင်းရရှိဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။