စနေနေ့ည ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ အက်အေဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့အဓိကတိုက်စစ်မှူး အဂူရိုကို အရန်ခုံမှာ အနားပေးခဲ့ပြီး ဂက်ဘရီရယ်ဂျီးဆပ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်ကတည်းက မန်ချက်စတာစီးတီးအသင်းက ဝက်ဖို့ဒ်အသင်းကို ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့တာကို တွေ့ရပါတယ်။
၂၆ မိနစ်မှာ စတားလင်းရဲ့ဖန်တီးပေးပို့မှုကနေတဆင့် ဒေးဗစ်ဆေးလ်ဗားက အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဒီဇင်ဘာလကုန်နောက်ပိုင်း ပထမဆုံးအကြိမ် ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ၃၈ မိနစ်မှာ ဂျီးဆပ်ရဲ့ ပေးပို့မှုကို စတားလင်းက အပိုင်အသုံးချပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဝက်ဖို့ဒ်အသင်းက မန်စီးတီးဘက်ကို တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ကြပြီး ကွန်ပနီကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့တာကို တွေ့ရပါတယ်။ ၆၁ မိနစ်မှာ ဂျီးဆပ်နဲ့ ဒီဘရိုင်းတို့ အပြန်အလှန်အပေးအယူလုပ်ပြီး ဒီဘရိုင်းက မန်စီးတီးအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
၆၈ မိနစ်မှာ ဒီဘရိုင်းရဲ့ ပေးပို့မှုကနေတဆင့် ဂက်ဘရီရယ်ဂျီးဆပ်က စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဂက်ဘရီရယ်ဂျီးဆပ်ဟာ ယနေ့ပွဲစဉ် မန်စီးတီးအသင်းရဲ့သွင်းဂိုး ၃ ဂိုးမှာ သွင်းဂိုး ၁ ဂိုး၊ ဂိုးဖန်တီးမှု ၂ ကြိမ်နဲ့ ပါဝင်ပတ်သက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဝက်ဖို့ဒ်အသင်းဟာ မန်ချက်စတာစီးတီးအသင်းကိုု ဘယ်လိုမှ ယှဉ်ပြိုင်နိုင်စွမ်းမရှိတာကို မြင်တွေ့ခဲ့ရပြီး ၈၁ မိနစ်မှာ စတားလင်းက ဘာနာဒိုဆေးလ်ဗားရဲ့ဖန်တီးပေးပို့မှုကနေ ပဉ္စမမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၈၇ မိနစ်မှာ ဒီဘရိုင်းရဲ့ ဖြတ်တင်ပေးပို့မှုကို စတားလင်းက အပိုင်ပိတ်သွင်းယူပြီး တစ်ဦးတည်း ဟက်ထရစ် ၃ ဂိုး သွင်းယူခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိပြီး အက်ဖ်အေဖလားကို ရရှိခဲ့တာကြောင့် အင်္ဂလိပ်ဘောလုံးသမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ် ပြည်တွင်းဖလား ၃ လုံးကို တစ်ရာသီအတွင်း ကိုင်မြှောက်နိုင်တဲ့အသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၀၃ ခုနှစ်က ဒါဘီကောင်တီကို အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ၆ ဂိုး ဂိုးမရှိနဲ့ ဂိုးအပြတ်ဆုံးအနိုင်ရရှိခဲ့တဲ့ ဘူရီအသင်းရဲ့ စံချိန်ကိုလည်း လိုက်မီခဲ့ပြီဖြစ်ပါတယ်။