loading...

loading...

loading...

ဧပြီ ၂၀ (စနေနေ့) မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ကစားမှာပါ။
Kyaw Ko Ko Sint

၁၀ ရက်အတွင်း ၃ ပွဲမြောက် တွေ့ဆုံတာ ဖြစ်သလို ၃ ရက်အတွင်း ၂ ပွဲဆက် ကစားရတာလည်းဖြစ်ပြီး မန်စီးတီးက ချန်ပီယံလိဂ်မှာ ရှုံးထားလို့ စပါးကို ရှုံးကြွေး အစောဆုံး ပြန်ဆပ်ရမယ့် ပွဲလည်း ဖြစ်နေပါတယ်။

ဒီကနေ့ည မြန်မာစံတော်ချိန် ၆ နာရီမှာတော့ မန်စီးတီးနဲ့ စပါးအသင်းတို့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းရဲ့ အိမ်ကွင်း အီတီဟတ်ဒ်မှာ ယှဉ်ပြိုင်ကစားကြပါမယ်။ ဒီပွဲစဉ်က ၃ ရက်အတွင်း နှစ်ပွဲဆက် ကစားရတဲ့ ပွဲစဉ်ဖြစ်လာခဲ့ပြီး နှစ်ပွဲစလုံးက မန်စီးတီး အိမ်ကွင်းမှာ ကစားရ တာပါ။

မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့က ဒီနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့ပြီး စပါးအသင်းက နှစ် ကျော့ပေါင်းရလဒ် ၄-၄ ဂိုးမှာ အဝေးဂိုး စည်းမျဉ်းနဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။ ဒါကြောင့် အခုတစ်ကြိမ် တွေ့ဆုံမှုက မန်စီးတီးအတွက် ချန်ပီယံလိဂ် အကျေပွဲနွှဲရမယ့် ပွဲလို့ ဆိုရမှာဖြစ်ပြီး စပါးအတွက်ကလည်း လာမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ထပ်မံ အနိုင်ယူဖို့ လိုနေတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒင်ဟိုအနေနဲ့ဒီပွဲမှာ ကြံ့ခိုင်မှု ပြန်ကောင်းလာဖို့ ရှိနေပြီး အရန်ခုံမှာ ပါဝင်လာဖွယ်ရှိတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြထားပါတယ်။ လူငယ်ကစားသမား ဇင်ချန်ကိုကတော့ တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး စပါးအသင်းက လည်း ဆစ်ဆိုခိုကို ပေါင်ခြံဒဏ်ရာကြောင့် လက်လွှတ်ရဖွယ်ရှိနေပြန်ပါတယ်။ စပါးအနေနဲ့ အခြားသူတွေဖြစ်တဲ့ ဆာဂျီယို အူရီယာ၊ဟယ်ရီဝင်းခ်နဲ့ဟယ်ရီကိန်းတို့ကိုလည်း လက်လွှတ်ထားရမှာ ဖြစ်ပြီး အဲရစ် ဒိုင်ယာကတော့ တင်ပါးဒဏ်ရာကနေ သက်သာလာပြီလို့ သိရပါတယ်။

အားကစားကလောင်ရှင် လော်ရိုးရဲ့ ခန့်မှန်းချက်

ဖာနန်ဒင်ဟို ပွဲထွက်လာမယ်လို့ ခန့်မှန်းပါတယ်၊ ကွင်းလယ်မှာ သူပါလာရင် မန်စီးတီးအသင်း ကွင်းလယ်ကို စိုးမိုးနိုင်မှာပါ။ ဒီညမှာ မကျေပွဲနွှဲမယ့် မန်စီးတီးက ၂-၀ နဲ့ နိုင်မယ်လို့ ခန့်မှန်းချင်ပါတယ်။

ပွဲကြို အချက်အလက်

-     စပါးအသင်းအနေနဲ့ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ လာကစားထားတဲ့ နောက်ဆုံး ၈ ပွဲမှာ တစ်ပွဲသာနိုင်ထားပြီး ၁ ပွဲသရေ ၆ ပွဲအထိ ရှုံးထားလို့ အီတီဟတ်ဒ်ကတော့ စပါးအတွက် မျက်နှာသာ သိပ်မရတဲ့နေရာလို့ ဆိုရမှာပါ။

-     ဒါပေမယ့် စပါးအသင်းအနေနဲ့ ၂၀၀၈-၀၉ ခုနှစ်က လီဗာပူးအသင်းစွမ်းဆောင်ခဲ့တဲ့ မန်ချက်စတာနှစ်သင်းစလုံး ကိုအဝေးကွင်းမှာ လိုက်ပါ အနိုင်ယူတဲ့စံချိန်ကိုတော့ ဒီပွဲမှာနိုင်ရင် ရရှိနိုင်ဖို့တော့ရှိနေပါတယ်။

-     မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ၉ ပွဲဆက်နိုင်ထားပြီး လီဗာပူးအသင်းက နိုဝင်ဘာနဲ့ဒီဇင်ဘာ နှစ်လဆက်မှာလည်း ၉ ပွဲဆက်နိုင်ထားပါတယ်။

-     ဒီပွဲမှာ မန်စီးတီး တိုက်စစ်မှူး အဂူရိုအတွက် တစ်ဂိုးရဖို့လိုနေပါတယ်၊အကြောင်းကတော့ ပရီးမီးယား လိဂ်မှာ ၅ နှစ်ဆက် ဂိုး ၂၀ နှင့်အထက် သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် အွန်နရီပြီးရင် ဒုတိယ မြောက် ကစားသမားဖြစ်လာဖို့ပါ။

-     စပါးအသင်းဟာ ဒီနှစ်အဝေးကွင်း သွင်းဂိုး အများဆုံးအသင်းဖြစ်ပြီး ၃၃ ဂိုးအထိ ရယူထားနိုင်ပါတယ်။

-     စပါးအသင်းအနေနဲ့ ထိပ်သီး ၆ သင်း ပတ်လည်တွေ့ဆုံမှုမှာ ဒုတိယမြောက်ရမှတ်အနည်းဆုံးအသင်း ဖြစ်နေပြီး ၂ ပွဲနိုင် ၁ ပွဲသရေကျပြီး ၆ ပွဲထိ ရှုံးထားပါတယ်။

မန်စီးတီးအသင်းက ချန်ပီယံလိဂ်က ထွက်ခဲ့ရလို့ ပရီးမီးယားလိဂ် နှစ်နှစ်ဆက် ရရှိဖို့ အာရုံ အပြည့်စိုက်လာ တောာ့မှာ ဖြစ်ပြီး လက်ကျန် ၅ ပွဲရှိနေသေးလို့ ပြိုင်ဖက် လီဗာပူးထက် နှာတစ်ဖျား သာနေတဲ့ အနေအထားမှာ စပါးကို နိုင်ဖို့တော့ လိုနေပါတယ်။

စပါးကလည်း လာမယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့် မသေချာသေးပဲ အဆင့် ၃ နေရာမှာ အဆင့် ၄ က အာဆင်နယ် ထက် တစ်မှတ်အသာ၊အဆင့် ၅ က ချဲလ်ဆီးထက်လည်း တစ်မှတ်အသာ၊အဆင့် ၆ ကမန်ယူထက် ၃ မှတ်အသာ အနေအထားမှာရှိနေလို့ ဒီပွဲမှာ ရှုံးလို့ မရတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒီပွဲက ချန်ပီယံလိဂ် ပြိုုင်ပွဲနည်းတူ ပြိုင်ဆိုင်မှု ပြင်းထန်လာဦးမှာဖြစ်ပြီး တစ်သင်းက ချန်ပီယံအတွက် ကစားမှာ ဖြစ်သလို တစ်သင်းကလည်း ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကစားရမှာ ဖြစ်လို့ ဘယ်အသင်းက ခြေချော်ပြီး ဘယ်အသင်းက လမ်းကြောင်းမှန်ပေါ် ဆက်လျှောက်နိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။


loading...

က္က