စပါးအသင်းဟာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီမှာပဲ အိမ်ကွင်းသစ်ကြီးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ပဲလေ့နဲ့ပွဲမှာ အနိုင်နဲ့ စတင်နိုင်ခဲ့ပါတယ်။
မန်စီးတီးကွင်းလယ်ကစားသမား ကီဗင်ဒီဘရီုင်းက ချန်ပီယံလိဂ်မှာ ရင်ဆိုင်တွေ့ဆုံရမယ့် စပါးအသင်းရဲ့ အိမ်ကွင်းသစ်ကြီးကို ဂရုမစိုက်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ စပါးအသင်းဟာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီမှာပဲ အိမ်ကွင်းသစ်ကြီးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ပဲလေ့နဲ့ပွဲမှာ အနိုင်နဲ့ စတင်နိုင်ခဲ့ပါတယ်။
ပရိသတ် (၆၂၀၀၀) ဝင်ဆံ့တဲ့ ကွင်းသစ်ကြီးကြောင့် စပါးအနေနဲ့ အောင်မြင်မှုတွေ ပိုမိုရရှိလာမယ်လို့ စပါးနည်းပြ ပိုချက်တီနိုက ပြောဆိုခဲ့ပြီးနောက်မှာ ဒီဘရိုင်းက စပါးအနေနဲ့ ဝင်ဘလေမှာပဲ ကစားခဲ့ရစဉ်က အသင်းလိုအနေအထားမျိုးပဲ ရှိသေးတယ်လို့ ယူဆနေပြီးနောက် ကွင်းသစ်ကြီးကြောင့် ထိတ်လန့်နေမှာမဟုတ်ဘူးလို့ ပြောဆိုသွားခဲ့တာပါ။
"ကွင်းသစ်ကြီးကိုလည်း ကျွန်တော် ဂရုမစိုက်ပါဘူး၊ ကျွန်တော်တို့အသင်း ဘယ်လောက်ထိ ကစားနိုင်မလဲဆိုတာကိုပဲ အာရုံစိုက်နေပါတယ်၊ လူတိုင်းက ဒီကွင်းသစ်ကြီးအကြောင်းပဲ ပြောနေကြတာပါ၊ အားလုံးမှာ ကွင်းတစ်ကွင်းရှိသလို ပရိသတ်တွေလည်းရှိပါတယ်၊ ဒီအတွက်လည်း အားလုံးက စိတ်လှုပ်ရှားနေကြတာပါ"
"တခြားကွဲပြားမှုတွေ ရှိမယ်လို့တော့ ကျွန်တော်မထင်ဘူး၊ နည်းနည်းလေးပိုပြီး စိတ်လှုပ်ရှားစရာပဲ ရှိတာပါ၊ ဒီပွဲက ခက်ခဲပြင်းထန်တဲ့ ပွဲဖြစ်လာမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်" လို့ ဒီဘရိုင်းက ပြောကြားခဲ့ကြောင်း ESPN က ဖော်ပြသွားခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ စပါးကို အနိုင်ရခဲ့မယ်ဆိုပါက သူတို့အသင်းသမိုင်းမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ဒုတိယအကြိမ်မြောက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ဂျုဗင်တပ်နဲ့အေဂျက်ဇ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီးဟာ ချန်ပီယံလိဂ်ဖလားဆွတ်ခူးဖို့ ရေပန်းစားနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။