အသက် ၇ နှစ်အရွယ်ကတည်းက မန်ချက်စတာအကယ်ဒမီမှာ ရောက်ရှိနေခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိမှာ တော့ တစ်ပတ်ကို ပေါင် ၂ သိန်းထိ ပေးချေနေရတဲ့ မန်ချက်စတာအသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ဦး ဖြစ်လာတဲ့အပေါ်မှာ နည်းပြဆိုးလ်ရှားက အခုလို ဂုဏ်ပြု စကားဆိုလိုက်တာပါ။
မန်ယူအသင်းနဲ့အတူ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆိုနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် မားကပ်စ်ရက်ရှ်ဖို့ဒ်ကို စံပြုရလောက်တဲ့ အကယ်ဒမီထွက်ကစားသမားလို့ နည်းပြဆိုးလ်ရှားက တင်စားဂုဏ်ပြုလိုက်ပါတယ်။ အသက် ၂၁ နှစ်သာ ရှိသေးတဲ့ အင်္ဂလန်လက်ရွေးစင် ရက်ရှ်ဖို့ဒ်ကို မန်ချက်စတာ ယူနိုက်တက်အသင်းက ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြပါတယ်။
အသက် ၇ နှစ်အရွယ်ကတည်းက မန်ချက်စတာ အကယ်ဒမီကို ရေက်ရှိနေခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာ အသင်းကြီးနဲ့အတူ ပထမဆုံး ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ကို တော့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကစားခဲ့သူပါ။
လက်ရှိမှာ အသစ်ချုပ်ဆိုလိုက်တဲ့စာချုပ်ကြောင့် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းထိ တိုးမြှင့်ရရှိလာတော့မှာ ဖြစ်ပြီး စာချုပ်သစ်ချုုပ်ဆိုခဲ့မှုအပေါ် ရက်ရှ်ဖို့ဒ်က - “ ကစားသမားတစ်ယောက်အနေနဲ့ရော လူပုဂ္ဂိုလ်တစ်ယောက်အ နေနဲ့ပါ မန်ချက်စတာ ဂျာစီဝတ်ဆင်ရတာ အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော် တတ်နိုင်သမျှအားလုံး ပေးဆပ် သွားမှာပါ။” လို့ ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်ထိတော့ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲပေါင်း ၁၇၀ နဲ့ အင်္ဂလန် အသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ကို စာချုပ်ချုုပ်ဆိုခေါ်ယူနိုင်ခဲ့တဲ့ အပေါ်မှာတော့ နည်းပြ ဆိုးလ်ရှားက - “ ဒီဖက်ခေတ် အင်္ဂလန်မျိုး ဆက်တွေထဲမှာ ရက်ရှ်ဖို့ဒ်က ခြေစွမ်းမြင့်မားတဲ့ ကစားသမားတစ်ယောက်ပါ။ သူက သာမာန်ထက်တော့ ထူးခြားနေတယ်။ ကျွန်တော့်အထင် ဆုတောင်းကောင်းခဲ့တယ်နဲ့တူတယ်။ဒါကတော့ မန်ချက်စတာ အကယ်ဒမီ အတွက် ဂုဏ်ယူစရာကောင်းလောက်တဲ့ စံပြုလောက်တဲ့ ကစားသမားပါပဲ။” လို့ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ကတော့ နည်းပြ ဆိုးလ်ရှားရဲ့ လက်ရှိ လူဝယ်ရာသီမှာ တတိယမြောက် စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပြီး ကစားသမားသစ်နှစ်ဦးဖြစ်တဲ့ ဒန်နီရယ်ဂျိမ်းနဲ့ဝမ်ဘစ်ဆာကာတို့ကိုလည်း ခေါ်ယူအားဖြည့်ထားပြီး ဖြစ်ပါတယ်။