တနင်္ဂနွေနေ့မှာ လီဗာပူးက စပါးနဲ့ ယှဉ်ပြိုင်သွားရမှာပါ။

ယနေ့ညနေ ၆ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ အက်စ်တွန်ဗီလာတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၃ မှတ်အကွာ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ မန်ချက်စတာစီးတီးအသင်းက အိမ်ရှင်အသင်းပီပီ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး အက်စ်တွန်ဗီလာကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ အက်စ်တွန်ဗီလာအသင်းက မန်ချက်စတာစီးတီးအသင်းဘက်ကို တန်ပြန်တိုက်စစ်ကနေ ဂိုးသွင်းဖို့ ကြိုးပမ်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၄၆ မိနစ်မှာ စတားလင်းက ဂက်ဘရီရယ်ဂျီးဆပ်ပေးလိုက်တဲ့ဘောလုံးကို ဆွဲပြေးပြီး အက်စ်တွန်ဗီလာဂိုးသမား ဟီတန်ရဲ့ ခွကြားထဲကို ကန်သွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ကစားပုံကောင်းခဲ့တဲ့ အက်စ်တွန်ဗီလာအသင်းဟာ ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်အရှိန်ကို မဟန့်တားနိုင်တော့ဘဲ ၆၅ မိနစ်မှာ ဒီဘရိုင်းက မန်ဒီနဲ့ အပေးအယူလုပ်ပြီး ဘယ်တောင်ပံကနေ ဂိုးပေါက်ထဲကို လှမ်းကန်သွင်းယူခဲ့ပါတယ်။

ကွင်းလယ်ဒိုင်က ဒီဘရိုင်းကန်သွင်းခဲ့တဲ့ ဘောလုံးကို ဒေးဗစ်ဆေးလ်ဗားက ထိခဲ့တယ်ဆိုပြီး VAR ပြန်လည်ကြည့်ရှုခဲ့ပြီး ရုပ်သံအနှေးပြကွက်မှာ ဒေးဗစ်ဆေးလ်ဗားနဲ့ မထိခဲ့တာကြောင့် ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို ဂန်ဒိုဂန်က အက်စ်တွန်ဗီလာနောက်ခံကစားသမားတွေ ရှုပ်ယှက်ခတ်နေတဲ့ကြားကနေ ပင်နယ်တီဧရိယာထိပ်က အပြင်းကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၈၇ မိနစ်မှာ မန်ချက်စတာစီးတီးအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟို အက်စ်တွန်ဗီလာကစားသမား ဒေးဗစ်ကို ဆွဲခဲ့တာကြောင့် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားဒုတိယနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး တနင်္ဂနွေနေ့မှာ စပါးနဲ့ယှဉ်ပြိုင်ရမယ့် လီဗာပူးကို ၃ မှတ်အကွာနဲ့ ဖိအားဆက်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။



က္က