၂၀၀၆ နောက်ပိုင်း ယူနိုက်တက်အတွက် ဒီဆုကို ၂လဆက်ရတဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာပါတယ်။
Pyae Phyo Thein

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ ဇွန်လတစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ ဒါဟာ ဖေဖော်ဝါရီလမှာလည်းရရှိထားခဲ့တဲ့ သူ့အတွက် ၂လဆက်တိုက်ရရှိခဲ့မှုဖြစ်ပြီး ၁၃ နှစ်အတွင်းမှာ ဒီလိုနှစ်လဆက်တိုက်ရရှိခဲ့တဲ့ ပထမဆုံးယူနိုက်တက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဖာနန်ဒက်စ်အရင် ဒီဆုကို နှစ်ကြိမ်ဆက်တိုက်နောက်ဆုံးရရှိထားခဲ့သူက စီရော်နယ်ဒိုဖြစ်ပြီး ၂၀၀၆ ခုနှစ်အတွင်းမှာ ရရှိခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ဇွန်လအတွင်း သွင်းဂိုးလေးဂိုးအထိ သွင်းယူပေးခဲ့ပြီးတော့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ 

ဒီဆုကို ပေးအပ်ခဲ့တဲ့ ကာလတစ်လျှောက်မှာလည်း နှစ်လဆက်တိုက်ရရှိခဲ့တဲ့ ကစားသမားက ၆ ဦးသာ ရှိခဲ့ပြီးတော့ ဆာလာ၊ ဗာဒီ၊ ဟယ်ရီကိန်း၊ ရော်နယ်ဒို၊ ဘားကမ့်နဲ့ ဖောင်လာတို့ဖြစ်ပြီး ဖာနန်ဒက်စ်က ၇ ဦးမြောက်ဖြစ်လာခဲ့တယ်လို့ ပရီးမီးယားလိဂ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ 

ဒီဆုအတွက် ဖာနန်ဒက်စ်ဟာ ကိုအာဒီ၊ ဒန်နီအင့်စ်၊ ဂျီမီနက်ဇ်၊ မာရှယ်၊ မက်ဆီမင်တို့နဲ့ ပြိုင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ကို စရောက်ခဲ့ပြီးကတည်းက ခြေစွမ်းပြနေခဲ့ပြီး အသင်းနဲ့အတူ ရှုံးပွဲအရသာကို မမြည်းစမ်းဖူးသေးတဲ့ ဖာနန်ဒက်စ်ကသာ ဆွတ်ခူးနိုင်ခဲ့ပြီးတော့ သူ့ကိုခေါ်ယူခဲ့မှုဟာ ယူနိုက်တက်အတွက် ကြီးမားတဲ့ အကျိုးအမြတ်လည်းဖြစ်လာခဲ့ရပါတယ်။ 


Author


က္က