တနင်္ဂနွေနေ့ နံနက် (၂း၃၀)နာရီမှာတော့ ဝုလ်ဗ် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲကို ကစားကြတော့မှာ ဖြစ်ပါတယ်။
မာကျောတဲ့ ကစားဟန်နဲ့အတူ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိနေတဲ့ ဝုလ်ဗ်ကို အဝေးကွင်းမှာ ယူနိုက်တက်က ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အာဆင်နယ်ကို အရေးနိမ့်ခဲ့မှုကနေ ရုန်းထွက်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီပွဲနဲ့ ပတ်သက်ပြီး ပွဲကြိုအချက်အလက် နဲ့ သတင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
နှစ်ဖက်အသင်း ဒဏ်ရာရ/ပွဲပယ်သတင်း
- ဝုလ်ဗ်အသင်းမှာ စိုးရိမ်ရစရာ ဒဏ်ရာရ ကစားသမားကင်းစင်နေပါတယ်။ ရွိုင်ယန်ဘန်းနက်ကတော့ (၂)ပွဲပယ်ပြစ်ဒဏ်ကျခံရပြီးနောက် ဒီပွဲကို ပြန်လည်ကစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
- ယူနိုက်တက်တိုက်စစ်မှူး လူကာကူဟာ ခြေထောက်ဒဏ်ရာကြောင့် ပါဝင်ကစားဖိ့ု မသေမချာဖြစ်နေပါတယ်။
- ဆန်းချက်ဇ်၊ မာတာ နဲ့ လင်ဂတ်တို့ ဒဏ်ရာရရှိနေပြီး သေချာပေါက်လွဲချော်မှာ ဖြစ်ပါတယ်။
- ဖီးလ်ဂျုံးစ်ကတော့ ဖျားနားမှုဝေဒနာကနေ ပြန်လည်သက်သာလာခဲ့ပြီး ဟာရဲရားကတော့ လေ့ကျင့်ခန်း ဆင်းနေပြီလို့ သိရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု/အချက်အလက်မှတ်တမ်းများ
- ဝုလ်ဗ် နဲ့ ယူနိုက်တက်တို့ဟာ ၂၀၀၅-၀၆ တုန်းက အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ နောက်ဆုံးအကြိမ် တွေ့ဆုံထားပြီး ယူနိုက်တက်က ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။
- အကြိမ် (၁၀၀)မြောက် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီးတော့ ဝုလ်ဗ်ရဲ့ အိမ်ကွင်းမှာ နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၂ မတ်လက တွေ့ဆုံခဲ့ပြီးတော့ ယူနိုက်တက်က (၅-ဝ)နဲ့ အနိုင်ရခဲ့ပါတယ်။
- ၁၉၉၇-၉၈ နောက်ပိုင်း ဝုလ်ဗ်က အက်ဖ်အေဖလားမှာ ဆီမီးအဆင့်ကို မတက်ရောက်နိုင်ခဲ့တော့ပါဘူး။
- ၂၀၀၃-၀၄ နဲ့ ၂၀၀၄-၀၅ ဘောလုံးရာသီတို့မှာ ဖာဂူဆန်က အသင်းကို ဆီမီးဖိုင်နယ်နှစ်ကြိမ်ဆက်ပို့ခဲ့ပြီးနောက်ပိုင်း ယူနိုက်တက်က ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်ကို နှစ်ကြိမ်ဆက်တက်ရောက်နိုင်မယ့် အခွင့်အရေးရှိနေပါတယ်။
- ၂၀၀၃ ဖေဖော်ဝါရီနောက်ပိုင်း ဝုလ်ဗ်ဟာ အက်ဖ်အေဖလားမှာ (၃)ပွဲဆက်တိုက် အနိုင်ရခဲ့ဖူးပါဘူး။
- ယူနိုက်တက်ဟာ အက်ဖ်အေဖလားမှာ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း (၁၀)ပွဲမှာ (၉)ပွဲအထိ အနိုင်ရရှိခဲ့ပါတယ်။
- ဆိုးလ်ရှားကလည်း အက်ဖ်အေဖလားပွဲ အဝေးကွင်းပွဲတွေကို ရာနှုန်းပြည့်အနိုင်ရရှိထားပါတယ်။
- ဝုလ်နောက်ခံလူ ဒိုဟာတီဟာ အက်ဖ်အေဖလားမှာ သွင်းဂိုး (၅)ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နေပြီး (၃)ဂိုးသွင်းက ာ(၂)ဂိုးဖန်တီးပေးထားပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း
ချာလီရဲ့ခန့်မှန်းချက်
- အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ရာသီအစောပိုင်းပွဲတုန်းက ဝုလ်ဗ်ကတောင် အနိုင်ရခဲ့သင့်တာပါ။ ဆန်းတို့စ်က သူ့အသင်းကို မကြာခဏဆိုသလို ပြုပြင်ပြောင်းလဲတတ်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ယူနိုက်တက်အတွက်တော့ အနိုင်ရဖို့ ခက်ခက်ခဲခဲတော့ ကစားရဖွယ် ရှိပါတယ်။
ဝုလ်ဗ်က လီဗာပူးလ်ကို အနိုင်ယူထားတဲ့ အသင်းပါ။ ဆိုးလ်ရှားအနေနဲ့ ဒီပွဲကို အနိုင်ရနိုင်ပေမယ့်လည်း အသင်းမှာ ဒဏ်ရာကစားသမားတွေ များပြားနေတာက ပြသနာတစ်ခုဖြစ်လာနိုင်ပါတယ်။ ပွဲချိန်အတွင်း တစ်ဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ပြီး ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဝုလ်က အနိုင်ရသွားနိုင်ပါတယ်။