မန်ချက်စတာယူနိုက်တက်အသင်းယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ၃ ပွဲကစားပြီးနောက် ရဂိုး ၁၂ ဂိုး၊ ရမှတ် ၉ မှတ်ရယူနိုင်ခဲ့ပြီး အသင်းသမိုင်းတလျှောက် အစ ၃ ပွဲကို အကောင်းဆုံးစတင်နိုင်တဲ့ နည်းပြဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
အိုလီဂန်းနားဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်တဲ့ ပွဲစဉ် ၃ ပွဲစလုံးမှာ ၃ ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ယမန်နေ့ညက ဘုန်းမောက်အသင်းကို ပေါ့ဂ်ဘာ၊ ရက်ရှ်ဖို့ဒ်၊ လူကာကူတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့သမိုင်းတလျှောက်မှာ ပထမဆုံး ၃ ပွဲအနိုင်ရရှိခဲ့တဲ့ နည်းပြဆိုလို့ ဆာမတ်စ်ဘတ်စ်ဘီနဲ့ ဟိုဆေးမော်ရင်ဟိုတို့ ၂ ဦးသာရှိခဲ့တာဖြစ်ပြီး ဘုန်းမောက်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ တတိယမြောက်နည်းပြအဖြစ် ဆိုးလ်ရှားက မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
ဆာမတ်စ်ဘတ်စ်ဘီ မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၃ ပွဲမှာ ရဂိုး ၈ ဂိုး၊ မော်ရင်ဟိုက ရဂိုး ၆ ဂိုးရရှိခဲ့ပြီး ဆိုးလ်ရှားက ၁၂ ဂိုးအထိ ရရှိခဲ့တဲ့နည်းပြအဖြစ် စံချိန်သစ် တင်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၃ ပွဲအတွင်း ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဟာ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက နောက်ဆုံးဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ အခြားနည်းပြတွေ ရရှိခဲ့တဲ့ မှတ်တမ်းတွေကို ရယူနိုင်ကြောင်းကို လက်ရှိလူစာရင်းနဲ့တင် ယုံကြည်မှုရှိစွာ ပြသနိုင်ခဲ့ပြီဖြစ်ပါတယ်။ မော်ရင်ဟိုလက်ထက်တုန်းက အရန်ခုံမှာ ထိုင်ခဲ့ရတဲ့ ပေါ့ဂ်ဘာဟာ ၂ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ယမန်နေ့ညကပွဲစဉ်မှာ ၂ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။