ဘုန်းမောက်ကို လေးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြဆာရီဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ပြစ်တင်မှုတွေ ထပ်မံပြုလုပ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့ ဂိုးပြတ်ရှုံးပွဲဟာ ၁၉၉၆ ခုနှစ်က လီဗာပူးလ်ကို ၅-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲနောက်ပိုင်း အကြီးမားဆုံး ရှုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်လို့ Metro ရဲ့ ဖော်ပြမှုအရ သိရှိရပါတယ်။
အဆိုပါပွဲအပြီးမှာ နည်းပြဆာရီနဲ့ ချယ်လ်ဆီးကစားသမားတွေဟာ အဝတ်လဲခန်းအတွင်း တစ်နာရီနီးပါးအထိ တံခါးပိတ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဆာရီဟာ နည်းပြအဖွဲ့ဝင်အားလုံးကို အခန်းအပြင်ထွက်ခိုင်းခဲ့ပြီး ကစားသမားတွေနဲ့ သီးသန့် တွေ့ဆုံပြောဆိုသွားခဲ့တယ်လို့လည်း သိရပါတယ်။
"ဒီစွမ်းဆောင်ရည်တွေအတွက် ဘယ်လိုဖြေရှင်းရမလဲဆိုတာ တော်တော်ခက်ခဲပါတယ်၊ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်၊ ဂိုးပေးလိုက်ရပြီးနောက်မှာ ကျွန်တော်တို့ရဲ့ ကစားပုံက ရပ်တန့်ခံခဲ့ရတာပါ၊ အသင်းတစ်သင်းပုံစံ မကစားနိုင်ခဲ့ပါဘူး၊ အသင်းမှာ ပြသနာတွေ ရှိနေပါတယ်၊ ဘာကြောင့်လဲဆိုတာကို ပြောဖို့တော်တော်ခက်ပါတယ်"
"ပထမပိုင်းအပြီးမှာ ပြသနာတွေအားလုံးကို ဖြေရှင်းနိုင်မယ်လို့ ထင်ထားခဲ့ပေမယ့် အသင်းက အဲဒီလိုတုံ့ပြန်မှုမျိုး မရှိခဲ့ပါဘူး၊ ဘာကြောင့်လဲဆိုတာကို ကျွန်တော်လည်း နားလည်ဖို့ တော်တော်ခက်ခဲနေပါတယ်၊ ပွဲအပြီးမှာ နားလည်ဖို့ ကြိုးစားခဲ့ပြီး ကစားသမားတွေနဲ့ စကားပြောဆိုခဲ့ပါတယ်၊ ဒါပေမယ့် သူတို့လည်း ဘာလို့လဲဆိုတာကို မဖြေရှင်းနိုင်ခဲ့ပါဘူး"
"မနက်ဖြန်မှာ ဒီပြသနာကို ဖြေရှင်းဖို့ ထပ်ကြိုးစားသွားမှာပါ၊ ဘာလို့လဲဆိုတာကို ကျွန်တော် သိချင်တဲ့အတွက်ကြောင့်ပါပဲ" လို့ ဆာရီက ပြောဆိုသွားခဲ့ပါတယ်။ နည်းပြအဖွဲ့ဝင်တွေကို အခန်းပြင် ထွက်ခိုင်းခဲ့တာနဲ့ ပတ်သက်ပြီးလည်း ဆာရီက "ဒီအချိန်မှာ ကျွန်တော် တစ်ယောက်တည်း စကားပြောချင်လို့ပါ၊ ဘယ်သူမှမရှိပဲနဲ့ပေါ့၊ ပထမပိုင်း ကစားပုံနဲ့ ဒုတိယပိုင်း ကစားပုံ ကွဲပြားခဲ့တာကို ကျွန်တော်နားလည်ဖို့လိုအပ်ပါတယ်၊ မနက်ဖြန်မှာ ထပ်ပြီး ဖြေရှင်းသွားမှာပါ" လို့ သူက ထပ်ပြောသွားခဲ့ပါတယ်။