အက်ဇ်ပလီကူတာရဲ့သွင်းဂိုးသာ ခွင့်ပြုခဲ့မယ်ဆိုရင် အခြေအနေတမျိုးတဖုံပြောင်းလဲသွားနိုင်ပါတယ်။

ယနေ့ည ၁၀ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ရှိခဲ့ကြပြီး နှစ်သင်းစလုံးက တိုက်စစ်ကို ဖွင့်ကစားခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ၁၄ မိနစ်မှာ မိုဟာမက်ဆာလာရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် အလက်ဇန္ဒားအာနိုးလ်က လီဗာပူးအသင်းကို အဝေးကွင်းမှာ ဦးဆောင်နိုင်စေမယ့် အဖွင့်ဂိုးကို အလွတ်တည်ကန်ဘောကနေ လှလှပပ သွင်းယူပေးခဲ့ပါတယ်။

၁၅ မိနစ်မှာ ကြံ့ခိုင်မှုမပြည့်ဝသေးဘဲ ပါဝင်ကစားပေးခဲ့တဲ့ အီမာဆင် ဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့တဲ့အတွက် မားကို့စ်အလွန်ဆိုနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ အိမ်ရှင်ချယ်ဆီးအသင်းဟာ ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် လီဗာပူးနောက်ခံကစားသမားနဲ့ ဂိုးသမား အေဒရီယန်တို့က အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။

၂၇ မိနစ်မှာ ချယ်ဆီးအသင်းအတွက် အက်ဇ်ပလီကူတာက လီဗာပူးဂိုးသမား အေဒရီယန် ကာကွယ်ရာကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ပြေးဝင်ပိတ်သွင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်လည်ကြည့်ရှုပြီးနောက် တိုက်စစ်စတင်ချိန်ကတည်းက လူကျွံနေခဲ့တယ်လို့ သတ်မှတ်ပြီး ဂိုးအဖြစ် ခွင့်မပြုပေးခဲ့တာကြောင့် အိမ်ရှင် ချယ်ဆီးအသင်း ချေပဂိုး ရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

မိနစ် ၃၀ မှာ လီဗာပူးအသင်း ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပြီး မိုဟာမက်ဆာလာက ကန်တင်မလိုနဲ့ ခင်းပေးလိုက်တဲ့ ဘောလုံးကို အန်ဒရူးရောဘတ်ဆန်က ဖြတ်တင်ပေးပို့ခဲ့ရာမှာ ဖာမီနိုက အငိုက်မိခဲ့တဲ့ ချယ်ဆီးနောက်ခံကစားသမားကြားထဲ ပြေးဝင်ခေါင်းတိုက် ပိတ်သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်တာနဲ့ လီဗာပူးအသင်းက အိမ်ရှင် ချယ်ဆီးကို ဆက်လက်ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီး ချယ်ဆီးဂိုးသမား ကီပါက အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့တာကြောင့် နောက်ထပ်ဦးဆောင်ဂိုးတွေ ထပ်မံခွင့်မပြုခဲ့ရတာဖြစ်ပါတယ်။

၇၁ မိနစ်မှာ ကန်တေက အက်ဇ်ပလီကူတာရဲ့ ပေးပို့မှုကနေတဆင့် ဖေဘင်ဟိုကို လှည့်ထွက်ပြီး ပင်နယ်တီဧရိယာထောင့်ကနေ အပြင်းကန်သွင်းပြီး ချယ်ဆီးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၇၇ မိနစ်မှာ ခြေစွမ်းမပြသနိုင်တဲ့ အေဘရာဟမ်ကို ထုတ်ပြီး ဘတ်ရှူဝါရီကို ချယ်ဆီးအသင်းက ထည့်သွင်းကစားစေခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒုတိယပိုင်း ပြီးဆုံးခါနီးလာလေလေ နောက်ထပ်ချေပဂိုး ထပ်မပေးရအောင် ခံစစ်ကို အသားပြုကစားလေလေ ဖြစ်ခဲ့ပြီး ချယ်ဆီးအသင်းက လီဗာပူးအသင်းဘက်ကို တရစပ်တိုက်စစ်ဆင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ချယ်ဆီးအသင်းရဲ့ အပိုင်ဂိုးကန်သွင်းခွင့်တွေကို လီဗာပူးဂိုးသမား အေဒရီယန်က အမှားအယွင်းမရှိ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် လီဗာပူးအသင်း နောက်ထပ်ချေပဂိုးတွေ ထပ်မံခွင့်မပြုခဲ့ရဘဲ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။



က္က