အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်တွေရှိခဲ့ပြီးနောက် လှောင်ပြောင်ခံနေရတာပါ။
Pyae Phyo Thein

ယူနိုက်တက်က အဝေးကွင်းမှာအနိုင်ရရှိခဲ့ပေမယ့် VAR ဆုံးဖြတ်ချက်တွေက အငြင်းပွားဖွယ်ရာအဖြစ်ရှိလာခဲ့ပြီးနောက်မှာ VARchester United လို့ လှောင်ပြောင်ခံနေရတာဖြစ်ပါတယ်။ 


ချယ်လ်ဆီးကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းကတော့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ မာရှယ်၊ မက်ဂွိုင်းယားတို့ရဲ့ သွင်းဂိုးတွေနဲ့ ယူနိုက်တက်က အဝေးကွင်းမှာအနိုင်ရရှိခဲ့ပေမယ့် VAR ဆုံးဖြတ်ချက်တွေက အငြင်းပွားဖွယ်ရာအဖြစ်ရှိလာခဲ့ပြီးနောက်မှာ VARchester United လို့ လှောင်ပြောင်ခံနေရတာဖြစ်ပါတယ်။ 

ဘတ်ရှူဝါယီနဲ့ ဘောလုံးယှဉ်လုပြီးနောက် လဲကျခဲ့တဲ့အခိုက်မှာ ယူနိုက်တက်နောက်ခံလူမက်ဂွိုင်းယားက ခြေထောက်ဆန့်ထုတ်ကာ ကန်ကျောက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ကွငး်လယ်ဒိုင်လူကြီးက တစ်စုံတစ်ရာအရေးယူခဲ့မှုမရှိတာကြောင့် ချယ်လ်ဆီးပရိသတ်တွေဒေါသူပုန်ထခဲ့ရပြီး မက်ဂွိုင်းယားကို အနီကတ်ပြသင့်တယ်လို့ အခိုင်အမာပြောဆိုခဲ့ကြပါတယ်။ 

ဒါ့အပြင် ၁-၀ နဲ့ ယူနိုက်တက်နဲ့ ဦးဆောင်နေခဲ့ချိန်မှာ ဇူးမားက ချေပဂိုးသွင်းခဲ့ပေမယ့် အက်ဇ်ပီလီကွီတာက ဘရန်ဒန်ဝီလီယံကို တွန်းခဲ့တယ်လို့ သတ်မှတ်ခဲ့လို့ ဂိုးအဖြစ်မသတ်မှတ်ပေးခဲ့ပါဘူး။ အက်ဇ်ပီလီကွီတာအနေနဲ့ ဝီလီယံကိုမတွန်းခင်မှာ ဖရက်ဒ်ရဲ့ တွန်းတိုက်မှုကို ခံခဲ့ရတယ်လို့ ပရိသတ်တွေက ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပြခဲ့ပြီး VAR ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ 

ဒုတိယပိုင်းမှာ လူစားဝင််လာခဲ့တဲ့ ဂီရော့ဒ်ရဲ့ သွင်းဂိုးမှာလည်း ကစားသမားရဲ့ ခြေဦးက အနည်းငယ်ရှေ့ထွက်နေခဲ့ပြီး VAR နဲ့ ပြန်လည်ကြည့်ရှုခဲ့ကာ လူကျွံတယ်လို့ ဆုံးဖြတ်ခံခဲ့ရပါတယ်။ ချယ်လ်ဆီးအနေနဲ့ ၃ကြိမ်တိုင်တိုင် နစ်နာမှုတွေရှိခဲ့ရတယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပြီး ယူနိုက်တက်ကတော့ အကျိုးအမြတ်ရှိခဲ့တယ်လို့ သုံးသပ်ခဲ့ကာ VARchester United လို့ တွစ်တာပေါ်မှာ လှောင်ပြောင်ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။ 

ဒီလိုအဖြစ်မျိုးကို လီဗာပူးလ်အသင်းလည်း ရင်ဆိုင်ခဲ့ရဖူးပြီး VAR ကြောင့် အကျိုးအမြတ်တွေရရှိခဲ့တဲ့အချိန်အတွင်းမှာ LiVARpool လို့ နာမည်ပြောင်ပေးခံခဲ့ရပါတယ်။ အခုအခါမှာ နောက်ထပ်အသင်းတစ်သင်းအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းက လှောင်ပြောင်ခံနေရတာဖြစ်ပြီး VAR က ချယ်လ်ဆီးကို သတ်ဖြတ်ခဲ့တယ်လို့လည်း ပရိသတ်တွေက ရေးသားပြောဆိုခဲ့ကြကြောင်း Sportbible က ဖော်ပြခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က