ဟူးလ်စီးတီးနဲ့ မကစားခင် နာရီပိုင်းအတွင်းမှာ ရုတ်တရက် ကြေညာခဲ့တာ ဖြစ်လို့ ပွဲကို လက်ထောက်နည်းပြ အလန်က ဆက်လက်တာဝန်ယူကာ ကျန်ကစားသမားတွေနဲ့ ယှဥ်ပြိုင်ခဲ့တာလို့ သိရပါတယ်။
ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြချုပ် ဒေးဗစ်မိုယက်စ်နဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ အစ္စဒီအောက်၊ဂျို့စ်ကူလန် တို့ ၃ဦးမှာ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ BBC SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ကလပ်အသင်းအနေနဲ့ ဒီသတင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က သတင်းထုတ်ပြန်လာတာ ဖြစ်ပြီး ဒီကနေ့ မနက်မှာတော့ ဟူးလ်စီးတီးနဲ့ ကာရာဘောင်ဖလား ကစားရာမှာ ၅-၁နဲ့ အနိုင်ရခဲ့ပါတယ်။
“ဆေးစစ်ချက် ထွက်လာပြီးနောက် ပိုးတွေ့ရှိတဲ့ နည်းပြနဲ့ ကစားသမား နှစ်ဦးဟာ အသင်းလေ့ကျင့်ရေးကွင်းက နေ ချက်ခြင်းဆိုသလို နေအိမ်ကို ထွက်ခွာခဲ့ပြီး တစ်ဦးတည်းစီ သီးသန့် နေထိုင်နေပါပြီ။”လို့ ကလပ်အသင်းက ထုတ်ပြန်ပါတယ်။
ဝက်စ်ဟမ်းအသင်း ဟူးလ်စီးတီးကို ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ကာရာဘောင်ပွဲမှာတော့ အသင်းရဲ့ လက်ထောက်နည်းပြ အလန်က တာဝန်ယူကိုင်တွဘ်ခဲ့ပါတယ်။
“ညနေ ၆နာရီခွဲလောက်မှာ အရေးပေါ် သတင်းတစ်ခု ဆရာဝန်တွေဆီက ရပါတယ်၊ပိုးတွေ့သူ ၃ ဦးရှိပြီး ရှိနေတဲ့ နေရာတွေကနေ ဘယ်မှ မသွားကြဖို့ သတိပေးပါတယ်။မိုယက်စ်နဲ့ တစ်ကွင်းတည်း အတူရှိနေတယ်ဆိုပေမယ့် သူနဲ့ ဝေးပါတယ်၊သတင်းကြားတော့ အနည်းငယ် ထိတ်လန့်သွားပါတယ်၊အကြိမ်ကြိမ်စစ်ထားခဲ့ပြီး ပိုးမတွေ့ ထားကြပါဘူး။စည်းမျဥ်းတွေကိုလည်း လိုက်နာပြီး နေထိုင်ကြပါတယ်။”လို့ လက်ထောက်နည်းပြ အလန်က ဆိုပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ အခြားသူတွေကို ထိစပ်ခဲ့ခြင်း မရှိခဲ့တဲ့ အတွက် ကျန်တဲ့သူတွေ သီးသန့် နေထိုင်စရာ မလိုတဲ့ အပေါ်မှာ ကျေနပ်မိတယ်လို့လည်း ဆိုပါတယ်။
ဆက်လက်ပြီး လေတန်အောရီးယန့်နဲ့ စပါးအသင်းတို့ရဲ့ ကာရာဘောင်တတိယအဆင့်ပွဲစဥ်လည်း အိမ်ကွင်းအ သင်း ကစားသမားအချို့ ကိုဗစ်တွေ့လို့ ပွဲပျက်ထားပါတယ်။