အသင်းမှာ အောင်မြင်စေဖို့အတွက် အကြံဉာဏ်ပေးခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ဝိန်းရူနီဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် အာရွန်ဝမ်ဘစ်စ်ကာအနေနဲ့ အသင်းကအသံတွေကို နားထောင်ခဲ့မယ်ဆိုရင် အောင်မြင်ဖို့အတွက် သက်သေပြနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းတို့ဟာ ယမန်နေ့က ဝမ်ဘစ်စ်ကာအတွက် ပေါင်သန်း ၅၀ နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပြီး ယနေ့မှာ အပြီးသတ်အပြောင်းရွှေ့ပြုလုပ်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဒီစီယူနိုက်တက်အသင်းအတွက် ကစားပေးနေတဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ဝိန်းရူနီက ဝမ်ဘစ်စ်ကာကို အကြောက်တရားကင်းကင်းနဲ့ ကစားဖို့ အကြံပေးစကား ပြောကြားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝမ်ဘစ်စ်ကာရဲ့အပြောင်းအရွှေ့သာ အပြီးသတ်နိုင်ခဲ့မယ်ဆိုရင် ဘောလုံးသမိုင်းတလျှောက် ဈေးအကြီးဆုံးအင်္ဂလိပ်ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

ဝမ်ဘစ်စ်ကာဟာ အနာဂတ်မှာ တောက်ပလာနိုင်တဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးလို့ ယူဆခြင်းခံထားရသူဖြစ်ပြီး ဝိန်းရူနီက ဝမ်ဘစ်စ်ကာအနေနဲ့ ဘေးပတ်ဝန်းကျင်က စကားတွေကို နားထောင်ပြီး မှန်ကန်တဲ့စိတ်သဘောထားခံယူချက်ရှိမယ်ဆိုရင် ယူနိုက်တက်မှာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အကြောက်တရားကင်းကင်းနဲ့ ကစားပါ”

“မန်ချက်စတာယူနိုက်တက်အသင်းက ထူးခြားအံ့သြစရာကောင်းတဲ့အသင်းတစ်သင်းပါ။ ကမ္ဘာပေါ်က အကောင်းဆုံးမဟုတ်ပေမယ့် အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ”

“ခင်ဗျားအနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကို ရင်ထဲထည့်ပြီး သမိုင်းကြောင်းကို လေ့လာပါ။ ပြီးရင် ခင်ဗျားရဲ့အကောင်းဆုံးကို လုပ်ပြလိုက်ပါ”

“တကယ်လို့ သူသာ အဲဒီလိုလုပ်မယ်ဆိုရင် သူ အဆင်ပြေလိမ့်မယ်ဆိုတာ ကျွန်တော် သေချာသိပါတယ်။ နည်းပြ(ဆိုးလ်ရှား)ကလည်း အဲဒါတွေအားလုံး သူ့ကို ပြောပြလိမ့်မယ်ဆိုတာလည်း သေချာပါတယ်”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။



က္က