မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်ဆီးအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တဲ့ ဘိုင်လီကို လူစားလဲလှယ်ခဲ့ရပြီး ၎င်းရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေတယ်လို့ သိရပါတယ်။
မာတာနဲ့ မားကို့စ်အလွန်ဆိုတို့ဟာ ပထမပိုင်းမှာ အသီးသီး ဂိုးတွေသွင်းယူခဲ့ကြပြီး ထိပ်ဆုံးလေးနေရာအတွက် ကြီးမားတဲ့ပွဲစဉ်မှာ တစ်ယောက်တစ်မှတ်စီ ခွဲယူခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပြီးကတည်းက အနားယူနေရတဲ့ ဘိုင်လီဟာ ပထမဆုံးပြန်လည်ပါဝင်တဲ့ပွဲစဉ်မှာ စိတ်ပျက်ဖွယ်ရာ ဒဏ်ရာ ထပ်မံရရှိသွားခဲ့ပါတယ်။
The Sun ရဲ့သတင်းအရ အဲရစ်ဘိုင်လီဟာ ချယ်ဆီးအသင်းကို ယူနိုက်တက်အသင်းဖော်တွေက ရင်ဆိုင်ကစားနေချိန်မှာ အဝတ်လဲခန်းအတွင်း မျက်ရည်စတွေနဲ့ တစ်ယောက်တည်း ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ ဘိုင်လီရဲ့ဒူးဒဏ်ရာဟာ ကနဦးကတည်းက ပြင်းထန်တဲ့ဒဏ်ရာဖြစ်ကြောင်း လက္ခဏာတွေ မြင်တွေ့ခဲ့ရပြီး ဘိုင်လီဟာ အိုင်ဗရီကို့စ်အသင်းရဲ့ အာဖရိက ဖလားပွဲစဉ်တွေကို လွဲချော်နိုင်လောက်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။