အသင်းဖော်တွေကို ဂုဏ်ပြုခဲ့တာပါ။
Kg Htet

အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ဟာ ချယ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နည်းပြအူနိုင်းအမ်မရီရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့် အသင်းဖော်တွေကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

အိုဇေးလ်ဟာ ပြီးခဲ့တဲ့ ဘောက်ဆင်နေ့ပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်အသင်းကို သရေကျခဲ့တဲ့ပွဲစဉ်ပြီးကတည်းက အာဆင်နယ်အသင်းရဲ့ပွဲစဉ်တွေကို ပါဝင်ကစားခွင့်မရရှိခဲ့သူဖြစ်ပြီး ယမန်နေ့ညက ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက လာကာဇက်နဲ့ ကိုစီရယ်နီတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။



အာဆင်နယ်နည်းပြအူနိုင်းအမ်မရီဟာ လစာပမာဏများစွာ ပေးချေနေရတဲ့ အိုဇေးလ်ကို ထုတ်ရောင်းပြီး အသင်းအတွက် ငွေကြေးရှာဖွေလိုပေမယ့် အိုဇေးလ်ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းဆိုတဲ့ ပမာဏကြောင့် ဝယ်ယူလိုတဲ့အသင်းတွေက စဉ်းစားနေကြတာဖြစ်ပါတယ်။

အိုဇေးလ်ဟာ ပြီးခဲ့တဲ့အပတ်တွေကတည်း လေ့ကျင့်ရေးအပြည့်ပြုလုပ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်တဲ့ သတင်းတွေကို လူမှုကွန်ရက်ကနေ ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ ယမန်နေ့ညက ချယ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ အိုဇေးလ်က ၎င်းရဲ့အင်စတာဂရမ်အကောင့်ကနေ အာဆင်နယ်အသင်းဖော်တွေရဲ့နိုင်ပွဲအတွက်ဂုဏ်ပြုစကားပြောကြားလိုက်တာဖြစ်ပါတယ်။

“ဒီနေ့ညမှာ ကစားခဲ့တဲ့ တသင်းလုံးကို ဂုဏ်ပြုပါတယ်။ ဂန်းနားတွေ ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ အမြန်ဆုံးဒဏ်ရာကနေ သက်သာပါစေလို့ ဆုတောင်းပေးနေပါတယ် ဘယ်လာရင်”လို့ ရေးသားပြီး အာဆင်နယ်အသင်းသားတွေ အောင်ပွဲခံနေတဲ့ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့နိုင်ပွဲဟာ ဘယ်လာရင်ရဲ့ဒဏ်ရာကြောင့် အပြည့်အဝပျော်ရွှင်ခဲ့ရခြင်းမရှိဘဲ နည်းပြ အူနိုင်းအမ်မရီက ဘယ်လာရင်ရဲ့ဒဏ်ရာဟာ အခြေအနေကောင်းမယ့်ပုံမပေါ်ကြောင်း အတည်ပြုခဲ့ပါတယ်။


Author


က္က