မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယခုအပတ်မှာ ယှဉ်ပြိုင်ကစားမယ့် ချယ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ပုံမှန်လက်စွမ်းပျောက်ဆုံးနေတဲ့ ဒီဂီယာကို ချန်လှပ်ထားခဲ့လိုတဲ့ ဆန္ဒမရှိကြောင်း Mirror ရဲ့သတင်းအရ သိရပါတယ်။
ဒီဂီယာဟာ နောက်ဆုံး ၃ ပွဲမှာ ၉ ဂိုးအထိ ခွင့်ပြုထားတဲ့ ဂိုးသမားဖြစ်ပြီး အာရုံစူးစိုက်နိုင်စွမ်း လျော့ကျနေတာကြောင့် ပွဲထွက်ကစားခွင့် မရေမရာဖြစ်လာနေပြီလို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
ထိပ်ဆုံးလေးနေရာအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ ချယ်ဆီးအသင်းနဲ့ပွဲစဉ်မတိုင်မီမှာ နည်းပြဆိုးလ်ရှားက ဒီဂီယာကို ပွဲထွက်ဂိုးသမားအဖြစ်ကနေ ချန်လှပ်ဖို့ စဉ်းစားထားခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဂီယာအနေနဲ့ နောက်ဆုံး ၃ ပွဲမှာ စိတ်အာရုံအပြည့်ထည့်ထားဖို့ သတိပေးခဲ့ပါတယ်။
“ဟင့်အင်း။ လုံးဝမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒေးဗစ်ကို ယုံကြည်တယ်။ သူက နောက်ဆုံး ၆ နှစ် ဒါမှမဟုတ် ၇ နှစ်မှာ ယူနိုက်တက်အသင်းရခဲ့တဲ့ အကောင်းဆုံးကစားသမားပါ။ လုံးဝကို ထူးချွန်တဲ့ကစားသမားပါ”
“လက်အိတ်ကြားကနေ ကျော်ဖြတ်ပြီး ဂိုးထဲဝင်သွားတာက ကစားသမားဘဝရဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒေးဗစ် အဆင်ပြေသွားပါလိမ့်မယ်”
အသင်းနဲ့ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့တဲ့ ဒီဂီယာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဆိုးလ်ရှားက “ဒါက ဘောလုံးသမားတစ်ယောက်အနေနဲ့ ဖြေရှင်းရမယ့်အရာတစ်ခုပါ”
“အဲဒါက အခြေအနေတစ်ခုပါပဲ။ ဒါပေမယ့် ဒေးဗစ် နေ့တိုင်းလာပြီး သူ လုပ်သင့်တဲ့ဟာတွေကို လုပ်နေပါတယ်”လို့ သတင်းထောက်တွေကို ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။